မြစ်ကြီးနား မေ ၂၈
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် အားကစားသမားများအား စခန်းသွင်းလေ့ကျင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘော်လီဘောပြိုင်ပွဲသို့ သွားရောက်ကြမည့် ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဘော်လီဘောပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်အမျိုးသမီးဘော်လီဘောအသင်းအနေဖြင့် မိမိတို့ကချင်ပြည်နယ်၏ ဂုဏ်ဆောင်အသင်း (၁) သင်းအဖြစ် သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးဘောလီဘောအသင်းအနေဖြင့် မိမိတို့ အစိုးရအဖွဲ့လက်ထက်နှစ်ပေါင်း(၅၀)နီးပါးကြာခဲ့သည့် တံခွန်စိုက်ဆုကြီးကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြသည့် ပြည်နယ်ဂုဏ်ဆောင် ချန်ပီယံအသင်း (၁) သင်း ဖြစ်သည့် အတွက် ယခုကဲ့သို့ အောင်နိုင်ရေးအလံအပ်နှင်းရခြင်းကို အထူးပင်ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ အထူးသဖြင့် ဘော်လီဘောအားကစားနည်းဖြင့် ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့်အပြင် အားကစားသူရဲကောင်းများအဖြစ် သမိုင်းမှာ မော်ကွန်းရေးထိုးနိုင်အောင် ကြိုးစားကြရန်လိုကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘော်လီဘောအသင်း နည်းပြချုပ်က လက်ရွေးစင်အသင်းအောင်နိုင်ရေးအတွက် ယခင်ပြိုင်ပွဲများမှ အားနည်းချက်/အားသာချက်များအပေါ် သုံးသပ်ဖြည့်စွက်ပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အမျိုးသမီးဘော်လီဘောအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ပေးအပ်ရာ ပြည်နယ်ဘော်လီဘောဆပ်ကော်မတီအဖွဲ့ဝင် တစ်ဦးက ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးအတွက် ကတိပြုစကားပြော ကြားခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်၊ နယ်မြေ (၉) အတွင်း ကူးမူးအသင်းတော်ဘုရားကျောင်းဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော ချီဖွေ၊ ဆော့လော်ဒေသများမှ ယာယီတိုက်ပွဲရှောင်မိသားစုများအား သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားပြီး အိမ်ထောင်စုများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံလိုအပ်ချက်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်ထောင်စု (၇၄) စုတို့အတွက် ဆန် (၂၄)ပြည်အိတ် (၇၄)အိတ်၊ ဆီ (၇၄) ပိဿာ၊ ခေါက်ဆွဲခြောက်ဖာ (၇၄)ဖာ၊ အသင့်စားဆန်ပြုတ်ဘူးနှင့် အသားချောင်း (၂၀)ဖာစီနှင့် မိုးကာလိပ် (၁၀)လိပ်၊ သွပ်ကြိုး (၁၀)ပိဿာတို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းနေမိသားစုကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အိမ်ထောင်စုများ ယာယီခိုလှုံနေထိုင်လျက်ရှိသော နေအိမ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၅)ခုနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့်စပ်လျဉ်း၍ လုပ်ကိုင်ခွင့်အတွက် လျှောက်ထားတင်ပြလာမှုများအပေါ် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် ဒေသခံလူထုအား အမှန်တကယ် အကျိုးရှိထိရောက်သည့် လုပ်ငန်းများဖြစ်စေရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြိးကျော်သူရက ဆွေးနွေးဆောင်ရွက်သွားရမည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး အတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က ပြည်နယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဆွေးနွေးဆောင်ရွက်သွားရမည့် မြေယာအမှုအခင်းဆိုင်ရာ လုပ်ငန်းစာတွဲ (၁၇)တွဲအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစာတွဲတစ်ခုချင်းအလိုက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့်အတူ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။
အလားတူ ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အားကစားခန်းမများတွင် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများအတွက် အားကစားနည်းအလိုက် လက်ရွေးစင်များ စိစစ်ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိသော အားကစားသမားများအား လိုက်လံကြည့်ရှုအားပေးထောက်ပံ့ခဲ့သည်။
ထိုသို့ လိုက်လံကြည့်ရှုအားပေးရာတွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားရပ်ဝင်းအတွင်းရှိ မိုးလုံလေလုံဘော်လီဘောအားကစားရုံ၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးဘော်လီဘောအားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘော်လီဘောအသင်း၏ လေ့ကျင့်ယှဉ်ပြိုင်ကစားပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအတွက် ကြိုးစားလေ့ကျင့်ကြရေးမှာကြားပြီး အားကစားသမားများနှင့် နည်းပြများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဘောလုံးကွင်းအတွင်း အားကစားသမား စိစစ်ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အသက်(၁၈) နှစ် အမျိုးသားလက်ရွေးစင်ဘောလုံးအသင်း အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လက်ရွေးစင်ကစားသမားများ၏ ခြေစွမ်းပြဘောလုံးကစားပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကာ နည်းပြနှင့်ဘောလုံးအားကစားသမားများအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။







