ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နှင့် စီတာပူနှစ်ခြင်းအသင်းတော်တို့ရှိ ဓမ္မအမှုတော်ဆောင်များအား အခြေခံစားသောက်ကုန်များ လှူဒါန်းထောက်ပံ့

မြစ်ကြီးနား     အောက်တိုဘာ ၂၂

ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နှင့် ပြည်နယ်ကော်မတီ၏ အတည်ပြုမိန့်ရယူကာ ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်းပေါင်း (၂၁)ခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ (၄၂၂၀၁ ဒဿမ ၆၆၉)ကျပ်သန်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း (၁၆)ခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၂၉၄၄ ဒဿမ ၉၈၅)သန်း ရှိပြီဖြစ်ပါကြောင်း၊ ယနေ့ ပြည်နယ်၏ စီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည့် အစီအမံများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည်နယ်အတွင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ‌ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းသုံးသပ်အကြုံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှီ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်းသို့ သွားရောက်ပြီး အသင်းတော်တာဝန်ရှိသူများ၊ ဓမ္မအမှုတော်ဆောင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ သိက္ခာတော်ရဆရာတော်များအပါအဝင် ဓမ္မအမှုဆောင်များ၏ မိသားစုများအတွက် ဆန် (၂၄) ပြည်ပါအိတ် (၂၆၅)အိတ်၊ ဆီ(၂၆၅) ပိဿာနှင့် ကြက်ဥ ၇၉၅၀ လုံးတို့ကို လှူဒါန်းထောက်ပံ့ပေးအပ်ရာ အသင်းတော်ကိုယ်စား သင်းအုပ်ဆရာကြီး သိက္ခာတော်ရဆရာဦးဘရန်အောင်က ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများ၊ မိဘမဲ့ဂေဟာများနှင့် သင်တန်းကျောင်းများအတွက် နေထိုင်စားသောက်မှု တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို တတ်နိုင်သလောက် ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အားလုံးကဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုအပ်သကဲ့သို့ ဘာသာရေးအသင်းအဖွဲ့အသီးသီးကလည်း မိမိတို့ ပြည်နယ်တည်ငြိမ်အေးချမ်းကို ဆုတောင်းပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းစုတောင်ရပ်ကွက်အတွင်းရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ရုံးသို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လှူဒါန်းထောက်ပံ့မှုများ ဆောင်ရွက်ပေးနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်တည် ငြိမ်‌အေးချမ်းရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးရရှိအောင် ဆုတောင်းကူပေးခြင်းဖြင့် မိမိတို့လိုလားသည့် ငြိမ်းချမ်းမှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်းပြောကြားပြီး အဖွဲ့ချုပ်ရှိ သင်းအုပ်ဆရာများ၊ ဓမ္မအမှုတော်ဆောင်များအတွက် ဆန်အိတ် (၇၀)၊ ဆီပိဿာ (၇၀)နှင့် ကြက်ဥ (၂၁၀၀)လုံးတို့ကို လှူဒါန်းထောက်ပံ့ပေးအပ်ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သိက္ခာတော်ရဆရာဦးဂွန်းတန်က ကျေးဇူးတင်စကားပြောကြားပြီး သာသနာတာဝန်ခံ သိက္ခာတော်ရ ဆရာဦးဂမ်မော်က ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်ပေးခဲ့ကြောင်း သိရသည်။