ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်)သို့ တက်ရောက်

မြစ်ကြီးနား     အောက်တိုဘာ ၂၂

          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ကျင်းပသော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်)ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဖိုရမ်ကို လော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်း သရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်ကို ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်၏ အသက်ဖြစ်သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမိုသိရှိလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ စကား၊ စာပေနှင့် ဒေသဖွံ့ဖြိုးရေးများကို ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါ အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ ရပိုင်ခွင့်များကို ပြည့်ဝစွာနားလည် ပြီး အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့် အစိုးရ အပြန်အလှန်နားလည်ယုံကြည်မှုကို ပိုမိုခိုင်မြဲစေမည်ဖြစ်ပါကြောင်း၊ ဒါအပြင် အပြန်အလှန်မေးမြန်းဆွေးနွေးခွင့်ရရှိမည်ဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးစု များ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မြင့်မားလာစေမည်ဖြစ်သည့်အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အဓိကအခြေခံ လိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများအားလုံးအတွက် နိုင်ငံသားအခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေး ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြသည်။

          ယင်းနောက် ဖိုရမ်ကို စတင်ကျင်းပရာ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူ မျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်း ခေါင်းစဉ်ဖြင့် မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့အခြေအနေနှင့် ပြည်ထောင်စု စိတ်ဓာတ် စသည့် အကြောင်းအရာများကို လည်းကောင်း၊ စာရေးဆရာအကြီးကိုကို (ကသာ)က ငါ့တို့ နိုင်ငံ၊ ငါတို့လူငယ်၊ ငါတို့အနာဂတ် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့သည်။

          အဆိုပါ ဖိုရမ်သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချူပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ ရပ်ဖများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့အစည်း အသီးသီးမှ ခေါင်း ဆောင်များနှင့် လူငယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ စာရေးဆရာအကြီးကိုကို(ကသာ)တို့က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးဟောပြောခြင်း မေးဖြန်းဖြေကြားခြင်းများကို (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်အစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက် (၈)နာရီခွဲကလည်း မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစား ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ တာဝန်ခံများ၊ ဆရာ/ ဆရာမများသည် စေတနာ၊ ဝါသနာ၊အနစ်နာ၊ ကရုဏာ၊ အကြင်နာစသည့် နာ(၅)နာဖြင့် ဆောင်ရွက်နေကြသည့်အတွက် ဂုဏ်ပြုအပ်ပါကြောင်း၊ ထို့အပြင် ပရဟိတဂေဟာများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ကောင်းမွန်သော စိတ်ဓာတ်များကို ဆက်လက်ထိန်းသိမ်းသွားပြီး ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားသည် ပရဟိတဂေဟာ (၁၅) ကျောင်း၊ ဘိုးဘွားရိပ်သာ (၃)ခုတို့အတွက် ဆန်ဘိုး၊ စားစရိတ်၊ ဝတ်စုံစရိတ်နှင့် ဂေဟာမှူးလစာအဖြစ် ထောက်ပံ့ကြေးငွေအဖြစ် စုစုပေါင်း ငွေကျပ် (၁၁၅၂၁၈၀၀၀)ကို လည်းကောင်း၊ ကိုယ်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း(၅၇)ကျောင်းမှဆရာ၊ ဆရာမများအတွက်ထောက်ပံ့ငွေတစ်နှစ်စာ နှင့် သင်ထောက်ကူ ပစ္စည်းများအတွက် စုစုပေါင်းထောက်ပံ့ကြေးငွေအဖြစ် ကျပ်(၁၇၅၆၃၈၀၀၀)ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။