ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုများဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   သြဂုတ် ၂

         ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ သြဂုတ် ၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားကို အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူလေးများက “ဘက်စုံပညာကိုယ်ရည် ဒို့လှမ်းချီ” တေးသီချင်း၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့်  သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများအနေဖြင့် နယ်မြေဒေသအခက်အခဲအမျိုးမျိုးကြားက ကြိုးစားပြီးသင်ကြားသင်ယူမှုများကို ဆောင်ရွက်ခဲ့ကြသလို သဘာဝဘေးအန္တရာယ်ကြောင့် စာမေးပွဲကိုလည်း (၂) ကြိမ်ကြိုးစားပြီး ဖြေဆိုခဲ့ရပါကြောင်း၊ ယခုနှစ်စာမေးပွဲတွင် (၈၅၈၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၄၁၀၀)ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း (၄၇ ဒဿမ ၇၆) ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အဋ္ဌမအဆင့်ဖြစ်ခဲ့ပါကြောင်း၊ သို့ရာတွင် နိုင်ငံတော်အဆင့် ဝိဇ္ဇာဘာသာတွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပထမအဆင့်ကိုရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ သို့ဖြစ်ပါ၍ ထူးချွန်စွာဖြင့် အောင်မြင်ခဲ့သူများအားလုံးကို ယနေ့ အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်မှအားကိုးရသည့် ထူးချွန်ထက်မြက်သည့်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ဆက်လက်၍ ပညာရည်ချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲတို့တွင် ပထမဆု၊ တတိယဆု၊ ပဉ္စမဆု၊ သတ္တမနှင့် ဒသမဆုရရှိသူ (၅)ဦး၊ ပြည်နယ်အဆင့် ဘာသာတွဲအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရသူ (၉)ဦးနှင့် (၆) ဘာသာဂုဏ်ထူးရှင် (၁၄)ဦးတို့အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့် ပြည်နယ်ပညာရေးမှူးတို့က (၅)ဘာသာ၊ (၄)ဘာသာနှင့် (၃)ဘာသာဂုဏ်ထူးရှင် များအားလည်းကောင်း၊ ပြည်နယ်အဆင့် အောင်ချက်အကောင်းဆုံးဆုရ မြစ်ကြီးနားခရိုင်အား လည်းကောင်း၊ ဂုဏ်ထူးအများဆုံးရအောင် သင်ကြားပေးခဲ့ကြသော ဆရာ/ ဆရာမ (၁၃) ဦးတို့အား လည်း ကောင်း၊ ပြည်နယ်အဆင့်အောင်ချက်အကောင်းဆုံး ဗန်းမော်မြို့နယ်အား လည်းကောင်း၊ ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပေးခဲ့သောကျောင်းနှင့် ကျောင်းသား (၁၀၀) ဦးနှင့်အထက်၊ (၁၀၀)ဦး နှင့်အောက် အောင်မြင်ခဲ့သောအခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြသည်။

          ထို့နောက် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများကိုယ်စား မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာတွဲ ပထမဆုရ မငြိမ်းငြိမ်းလွင်နှင့် ကချင်ပြည်နယ်အဆင့်သိပ္ပံတွဲတွင် ပထမဆုရ မဆိုင်းနူးအောင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် တာဝန်ရှိသူများက ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများနှင့်အတူ နေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

          ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ခရိုင် (၆)ခရိုင်၊ မြို့နယ် (၁၂) မြို့နယ်ရှိ စာစစ်ဌာန (၂၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ (၈၅၈၄) ဦးအနက် (၄၁၀၀)ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း (၄၇ ဒဿမ ၇၆)ရရှိခဲ့ပြီး နိုင်ငံတော်အဆင့်တွင် အဋ္ဌမအဆင့်ရရှိခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၃၉)ဦး၊  (၄) ဘာသာဂုဏ်ထူးရှင် (၁၀၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၁၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၃၁၁)ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၈၁၆) ဦးတို့ဖြင့် စုစုပေါင်းဂုဏ်ထူးရှင် (၁၄၉၇)ဦး ရရှိခဲ့သည့်အပြင် ဝိဇ္ဇာဘာသာတွဲ နိုင်ငံတော်အဆင့် Top-10 စာရင်းတွင် ကချင်ပြည်နယ်မှ ပထမအဆင့်ရရှိခဲ့ကြောင်းနှင့် ယနေ့ အခမ်းအနားတွင် (၃)ဘာသာ ဂုဏ်ထူးရရှိသူများအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး နှစ်သာသာနှင့် တစ်ဘာသာဂုဏ်ထူးရှင်များကို နေအိမ်များအရောက်လိုက်လံပို့ဆောင် ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။