မြစ်ကြီးနား စက်တင်ဘာ ၂၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မြို့နယ်အလိုက် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် အားကစားအသင်းများနှင့် ဘင်ခရာပန်းပွားအဖွဲ့များက ကွင်းအတွင်းနေရာယူကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အခြေခံပညာကျောင်းများသည် ကျောင်းသား/ကျောင်းသူများကို စာပေတစ်ခုတည်း သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ ဘက်စုံပညာရေးကိုပါ အလေးထားသင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ကိုယ်ရောစိတ်ပါကျန်းမာကြံ့ခိုင်သူများ ဖြစ်လာစေရန်နှင့် ငယ်စဉ်ကတည်းက ပါဝင်လှုပ်ရှားသင်ယူတတ်သူများဖြစ်အောင် အားလုံးကလေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်က မျှော်မှန်းထားသည့် ဗလ ငါးတန်ဖြင့် ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပွဲတော်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသည့် မိဘ၊ ဆရာများ၊ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အတူ ပြိုင်ပွဲတွင် တစ်ဦးနှင့်တစ်ဦး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံပြီး ပျော်ရွှင်ရင်းနှီးစွာ တခဲနက်ပါဝင်ဆင်နွှဲသွားကြရန်နှင့် ယနေ့ ပြိုင်ပွဲများမှ တစ်ဆင့် ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်သည့် အားကစားလူငယ်မောင်မယ်များ ဖြစ်လာရန် ကြိုးစားကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသားအားကစားပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြိုင်ပွဲဝင် အားကစားအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုထွက်ခွာခဲ့ကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများမှ ကျောင်းသူ (၄၀၀)ကျော်ပါဝင်သည့် အကအလှများဖြင့် လည်းကောင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး စုပေါင်းလေ့ကျင့်ခန်း အေရိုးဗစ်လေ့ကျင့်ခန်းဖြင့်လည်းကောင်း၊ ကျောင်းပေါင်းစုံမှ ဘင်ခရာ၊ ပန်းပွား လူဦးရေ (၄၀၀) ကျော်တို့က သရုပ်ပြခြင်းဖြင့် လည်းကောင်း၊ တိုင်းရင်းသားရိုးရာဝတ်စုံများဖြင့် ရိုးရာအကအလှ များဖြင့်လည်းကောင်း သရုပ်ပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ပညာရေးဝန်ထမ်းများ၊ အခြေ ခံပညာကျောင်းအုပ်များ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းသားအားကစားပွဲတော် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲမှ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားမြို့နယ်အသင်းနှင့် ဝိုင်းမော်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဝိုင်းမော်မြို့နယ်အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရကစားသမားများနှင့် ပထမ၊ ဒုတိယဆုရ အသင်းများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းတို့ကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရ အသင်းအား ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆု၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးဆုရကစားသမားများနှင့် ပထမရရှိသော ဝိုင်းမော်မြို့နယ်အသင်းတို့ အား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဒိုင်းဆုတို့အား အသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။






