ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   သြဂုတ် ၁၂

         “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့”ဟူသော ဆောင်ပုဒ်ဖြင့်၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ မိုးလုံလေလုံအားကစားခန်းမရှေ့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

          ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူငယ်တိုင်းသည် ဖန်တီးနိုင်စွမ်းနှင့် လုပ်ဆောင်ချက်များအတွက် စွမ်းအားပြည့်ရှိသကဲ့သို့ ယနေ့ ခေတ်တွင် နည်းပညာ၊ ပညာရေးနှင့် ကမ္ဘာလုံးဆိုင်ရာအခွင့်အလမ်းများကို အသုံးချပြီး ကချင်ပြည်နယ်၏ အနာဂတ်ကို ပြုပြင်နိုင်သူများမှ ယနေ့လူငယ်များပင်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များကို နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျပြုစုပျိုးထောင်ပေးရန်အရေးတကြီးလိုအပ်လျက်ရှိပါကြောင်း၊ ထိုသို့ ပြုစုပျိုးထောင်ရာတွင်လည်း ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံပြီးအကျင့်စာရိတ္တကောင်းမွန်သူများဖြစ်လာအောင် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အနာဂတ်ကြယ်ပွင့်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့်အတွက် လူငယ်များ၏ အားမာန်ဉာဏ်ရည်နှင့် စေတနာများကို ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အကောင် အထည်ဖော်နိုင်အောင်ဆောင်ရွက်သွားကြရန် အားလုံးကဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများ၏ တိုင်းရင်းသားတေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်လူမှုရေးရာ ဝန်ကြီးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက်ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။

          ထို့နောက် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူများ၏ ရှမ်းတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို လည်းကောင်း၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှတ်တမ်းဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူထုအခြေပြုဗဟိုဌာန (မြစ်ကြီးနား)နှင့် ခန်းမ၌တို့၌ (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့သော လူငယ်များ စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြိုင်ပွဲများဖြစ်သည့် သီချင်းဆိုပြိုင်ပွဲ၊ အဆင့်မြင့်ပညာ၊ အခြေခံပညာအဆင့် စကားရည်လုပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲများနှင့် စာစီစာကုံး၊ ကဗျာစပ်ဆို၊ ပန်းချီ၊ ပုံပြင်ပြော၊ ပြခန်းခင်းကျင်းပြသဆုနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ဒိုင်အဖြစ် ပါဝင်ကူညီသူများနှင့် စာပေဟောပြောပွဲတွင်ပါဝင်ကြသည့် စာရေးဆရာများအားလည်းကောင်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ခန်းမအတွင်းပြသထားသည့် စာအုပ်စာစောင်ပြခန်းများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူလေးများ၏ ပညာရေးဆိုင်ရာ စွမ်းရည်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း စီတာပူ(ဆွတ်ငိုင်တောင်)ရပ်ကွက်အတွင်းရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင်ဝင်းအတွင်း နယ်မြေလုံခြုံရေးအခြေအနေအရနေရပ်စွန့်ခွာ၍ ဖားကန့်ဒေသမှယာယီတိမ်းရှောင်လာကြသော အိမ်ထောင်စုများအားသွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အိမ်ထောင်စု (၇၂) စု တို့အတွက် ဆန်အိတ် (၇၂) အိတ်၊ ဆီ (၇၂)ပိဿာ၊ ကြက်ဥ ၁၄၄၀ လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်များကို မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။