ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အခြေခံပညာ ဆရာ၊ ဆရာမများအား မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်း ပတ် ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အားပေးချီးမြှင့်

မြစ်ကြီးနား   သြဂုတ် ၁၄

         ပထမဆုံးအကြိမ်အဖြစ် အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျ ကိုင်တွယ်နိုင်ရေးအတွက် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများ၊ လက်တွေ့သရုပ်ပြမဲပေးခြင်းများကို အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ အခြေခံပညာဆရာ၊ ဆရာမများအား မဲပေးစက်ကိုင် တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်သည်။

          အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ နည်းလမ်းကျနမှန်ကန်မှုရှိစေရေးနှင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစ်စိုက်မတ်မတ်ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်ရွေးကောက်ပွဲ ဥပဒေ/နည်းဥပဒေများသတ်မှတ်ပြဋ္ဌာန်းပြီး လာမည့် ရွေးကောက်ပွဲ တွင် ရိုးရှင်းပြီးလုံခြုံစိတ်ချရသည့်အပြင် မဲပေးရာတွင် လွယ်ကူမြန်ဆန်ပြီး ပယ်မဲမရှိဘဲအချိန်တိုအတွင်း တိကျသော မဲရလာဒ်များရရှိနိုင်မည့် အီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် စနစ်တကျကိုင်တွယ်နိုင်ရေးသည် အဓိကကျသည့်အပိုင်းဖြစ်သည့်အတွက် အလေးအနက်ထားသင်ယူကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ အသုံးပြုရမည့်နည်းလမ်းများ၊ ကိုယ်တွယ်အသုံးပြုရာတွင် အလေးထားလိုက်နာရမည့် လုပ်ငန်းစဉ်များ၊ အသုံးပြုရခြင်း၏ ရည်ရွယ်ချက်များနှင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအတွက် ထောက်ပံ့ငွေကျပ် ၉၆၆၀၀၀၀  ကို ပေးအပ်ချီးမြှင့်ခဲ့ကာ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သင်တန်းသားများအဖြစ် တက်ရောက်ကြမည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်း၊ မြဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားလူငယ်များသည် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်း ရတနာများဖြစ်လာစေရန် စာသင်ကျောင်းများက အစပြုခြင်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ‌ကျောင်းများမှတစ်ဆင့် ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်သည့် ပညာသင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးအတွက် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ထူထောင်သွားရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့၊ ကျောင်းကျန်းမာ ရေးမြှင့်တင်စို့ ဆောင်ပုဒ်အတိုင်း ကျောင်းကျန်းမာရေးသီတင်းပတ်ကို သက်ဆိုင်ရာဌာနအသီးသီးနှင့် လူမှုအဖွဲ့အစည်းအားလုံးက ပူးပေါင်းကူညီဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် ဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သော စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ကျောင်းသား/ ကျောင်းသူလေးများ၏ ကျောင်းကျန်းမာရေးပညာပေး သရုပ်ဖော်ကပြမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား သန်ချဆေးနှင့်သံဓာတ်အားတိုးဆေးများအား တိုက်ကျွေးပေးခဲ့ကြပြီး KG ကလေးငယ်များအား အာဟာရကျွေးမွေးခြင်းကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းဝင်းအတွင်း မြို့ပေါ် အခြေခံပညာကျောင်းများက ဖွင့်လှစ်ပြသထားသည့် ကျောင်းကျန်းမာရေးအထိမ်းအမှတ် ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။