ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီး(ရွှေအိုက်)ရပ်ကွက်အတွင်းရှိ ရှမ်းမျိုးနွယ်စုယာယီတိမ်းရှောင်စခန်းနေ မိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား   သြဂုတ် ၁၇

         ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ ပမ္မတီး(ရွှေအိုက်)ရပ်ကွက်အတွင်းရှိ ရှမ်းမျိုးနွယ်စုများယာယီတိမ်းရှောင်စခန်းနေ မိသားစုများအား ယနေ့ မွန်းလွဲ ၃ နာရီက အခြေခံစားသောက်ကုန်များကို တာဝန်ရှိသူများနှင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ လုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသောပြည်သူများအား အတတ်နိုင်ဆုံး အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး၊ စားသောက်မှုအဆင်ပြေစေရေးနှင့် ကျောင်းသားကလေးငယ်များ ပညာစဉ်ဆက်မပြတ်သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယနေ့ မိသားစုများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်သွား မည်ဖြစ်သည့်အပြင် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းတင်ပြကြစေလိုကြောင်း အားပေးပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၁၃၆) စုတို့အတွက် စုစုပေါင်းငွေကျပ် (၁၂၃၃၅၂၀၀)တန်ဖိုးရှိ ဆန် (၂၄) ပြည်ပါအိတ် (၁၃၆)အိတ် နှင့် ဆီ ၁၃၆ ပိဿာတို့ကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ကျောင်းသား ကလေးငယ် (၁၆၅) ဦးတို့အတွက် ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် နန်းကွေ့ ချောင်းရေကမ်းပါး တိုက်စားမှုအပေါ် ဆောင်ရွက်ပေးနိုင်ရေး၊ လိုအပ်ချက်များကို တင်ပြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စခန်းအတွင်းရှိ ယဉ်ကျေးလိမ္မာဓမ္မစကူးသင်တန်းမှ ကလေးငယ်များအတွက် အာဟာရကျွေးမွေးစရိတ်အဖြစ် ငွေကျပ် (၁၀)သိန်းနှင့် ယာယီအိပ်ဆောင်များ ပြုပြင်တိုးချဲ့ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ် (၁၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စခန်းအတွင်းရေဝပ်ဧရိယာဖြစ်ပေါ်နေမှုအခြေအနေများနှင့် နန်းကွေ့ချောင်းရေတိုက်စားမှုအား ကြည့်ရှုစစ် ဆေးခဲ့ကြပြီး ‌စခန်းအတွင်းရေဝပ်သည့်နေရာများအား သဲကျောက်ခင်းပေးနိုင်ရေးနှင့် ချောင်းရေတိုက်စားမှုအား ကွင်းဆင်းဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။