မန္တလေး စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ နေရပ်စွန့်ခွာတိမ်းရှောင်၍ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၄ရက် နေ့ နံနက် ၈နာရီခွဲက ချမ်းအေးသာစံမြို့နယ်၊ ဆူးဖြူကျောင်းတိုက်၊ ဉာဏဝေပုလ္လဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် တာဝန်ရှိသူများ၊ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများတက်ရောက်ကြပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆူးဖြူကျောင်းဆရာတော်အား ဖူးမျှော်ကြည်ညိုကာ ဗန်းမော်မြို့၊ မင်းလှကျောင်းတိုက် ဦးအာလောက အမှူးပြုသော ဆရာတော် သံဃာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာတိမ်းရှေင်နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အိမ်ထောင်စုများအတွက် ကချင်ပြည်နယ်အစိုးရဖွဲ့က ငွေကျပ် သိန်း ၅၀၀ ကိုလည်းကောင်း၊ Seven Force ကုမ္ပဏီမှ ဦးကျော်စွာမိုးက ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ ဦးသန်းလှိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ခေါက်ဆွဲခြောက်ထုတ်များ တစ်ဦးချင်းလိုက်လံပေးအပ်ခဲ့ကြကြောင်းသိရသည်။



