ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား   အောက်တိုဘာ ၁၀

         ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီခွဲက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့များသည် ပြည်နယ်အစိုးရအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့၏ မူလတာဝန်များဖြစ်သည့် အခွန်၊ အခ၊ အကောက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ရေပေးဝေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးအပြင် အခါအားလျော်စွာပေးအပ်သည့် လုပ်ငန်းတာဝန်များကိုလည်း ကျေပွန်အောင်ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများအားလုံးကို မြို့သန့်ရှင်းသာယာလှပရေးကို ဆထက်ပိုမိုပြီး ကြိုးစားကြရန်၊ မြို့တွင်းရေစီးရေလာကောင်းမွန်ရေး၊ လမ်း၊ တံတား၊ ရေပေး ဝေရေးလုပ်ငန်းများတွင် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစိးအောင်ဆောင်ရွက်ရေး၊ ပန်းမြို့တော်စီမံကိန်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး စသည်တို့ကို အလေးအနက်ထား မှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက စည်ပင်သာယာရေးအဖွဲ့၏ မြို့ပြသန့်ရှင်းသာယာလှပရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်စဉ်လျာထားငွေများကို ဘဏ္ဍာရေးနှစ်အလိုက် တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၊ နေ့စားဝန်ထမ်းများ၊ စိမ်းလန်းစိုပြေ‌ရေးအဖွဲ့များ၊ သန့်ရှင်းရေးအဖွဲ့များစသည့် အမြဲတမ်းဝန်ထမ်း (၁၇၅)ဦးနှင့် နေ့စားဝန်ထမ်း (၂၂၅)ဦး စုစုပေါင်း (၄၀၀)ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၅၀၀၀၀ နှုန်းတန်ဖိုးရှိ ဆန် (၄)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆား (၁)ထုပ်၊ ကုလားပဲ၊ အားလူး၊ ကြက်ဥ စသည့် စုစုပေါင်းငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ အခြေခံစား သောက်ကုန်ပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။