ကချင်ပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်အားပေးချီးမြှင့်၊ ရန်အောင်မြင် (ဘုမ္မော)ဘုန်းတော်ကြီးကျောင်း၌ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

မြစ်ကြီးနား  အောက်တိုဘာ ၂၁

            ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိ အမှတ် (၉) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

            ရှေးဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုဒ်ဦးကို အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတ‌ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် တက်ရောက်လာကြသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများအား ဘင်ခရာ၊ ပန်းပွားအဖွဲ့မှ ဦးဆောင်ကြိုဆို၍ ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းမများ၌ ကျောင်းသားလူငယ်များ စာပေကို ဖတ်ရှုလေ့လာပြီး ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်ကောင်းမွန်စေရေး၊ ဗလငါးတန်ဖြင့် ပြည့်ဝသောလူငယ်များ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပပြုလုပ်ပေးလျက်ရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်စာကြည့်တိုက်မှ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် ဖတ်ရှုလေ့လာနေမှုများအားလည်းကောင်း၊ စကားပုံဆက်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်များနှင့် မြှားပစ်၊ ခါးလှည့်၊ အရုပ်ဆက်စသည့် ဂိမ်းကစားနည်းများဖြင့် ထည့်သွင်းကျင်းပပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို ဆုလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ထို့နောက် ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရွှေသွေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်း သား/ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ငယ်ရွယ်ချိန်မှစပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာအောင် ဗဟုသုတပြည့်စုံကြွယ်ဝပြီး ရင့်ကျက်တည်ငြိမ်မှုရှိသည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာအောင် မိမိတို့အားလုံးက စနစ်တကျပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် စာပေလေ့လာလိုက်စားတတ်သည့် အလေ့အထကောင်းများရရှိစေရေး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလေး ထားဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခုလိုပွဲတော်များကို ကျင်းပပေးခြင်းအားဖြင့် ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် အသိဉာဏ်ဖွံ့ဖြိုးစ လူငယ်များစုဝေးရာ စာသင် ကျောင်းများတွင် စာဖတ်ဝါသနာပျိုးထောင်ရေး၊ စာကြည့်တိုက်အသုံးပြုမှုအလေ့အထရရှိရေး ပညာမြှင့်တင်မှုလုပ်ငန်းစဉ်များတွင် အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသ စာအုပ်စာစောင်များ လှူဒါန်းပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အဖြစ် လူငယ်များ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ထက်၊ လယ်၊ မူအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပွဲတော်တွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ဘင်ခရာ၊ ပန်းပွားအဖွဲ့၊ သရုပ်ပြအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ပညာဘဏ်တိုက် စာကြည့်တိုက် တေးသီချင်းဖြင့် သီဆိုဖျော် ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ပြသထားသည့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းနှင့် သုတ/ ရသစာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် မွန်းလွဲပိုင်းတွင် ဒေသခံစာရေးဆရာများ၏ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများအတွက် အသိပညာပေး စာပေဟောပြောပွဲများနှင့် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထားစာအုပ်ဖြင့် အမြဲမပြတ်လေ့လာသင်ယူရေး စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

            ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများသည် နံနက် (၈)နာရီကလည်း မြစ်ကြီးနားမြို့ ရန်အောင်မြင်(ဘုမ္မော)ကျောင်းတိုက်၌ ဗုဒ္ဓဘိသေကမင်္ဂလာ၊ ကံဆောင်မင်္ဂလာ ဦးညွတ်ဂုဏ ပူဇောမင်္ဂလာနှင့် သံဃာတော်များအား စာရေးတံမဲလှူဒါန်းခြင်း အခမ်းအနားသို့ တက်‌ရောက်ပြီး (၃၂)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ကျောင်းဝင်းအတွင်း၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊  အလှူဒါယကာ၊ ဒါယိကာမများ၊ စေတနာအလှူရှင်များနှင့်အတူ ဘုရားအမှူးပြုသော ရန်အောင်မြင်ဆရာတော် ဦးစန္ဒောဘာသနှင့် ရဟန်း၊ သံဃာများ၊ သီလရှင်ဆရာကြီးများ စုစုပေါင်း အပါး (၂၀၀)ကျော်တို့အား ဆွမ်းဆန်တော်၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို သတ်မှတ်နေရာအသီးသီးမှ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။