ကချင်ပြည်နယ်ဝန်ကြီးချုပ် အ.ထ.က(စီတာပူ)နှင့် ပလနအထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြစ်ကြီးနား)၏ ဒီပလိုမာအပ်နှင်းပွဲနှင့် ရိုးရာကောက်သစ်စားပွဲ၊ လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြု၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၄

          ကချင်ပြည်နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးဗလာစာ အုပ်များကို ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများကို နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(စီတာပူ)နှင့် အခြေခံပညာအထက်တန်းကျောင်း (ပလန)တို့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)ကျောင်းခန်းမ၌ ကျောင်းအုပ်၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များပေးအပ်ရခြင်းအပေါ် ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့်အလိုက် ကျောင်းသား/ ကျောင်းသူများထံ ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း (ပလန)သို့ သွားရောက်ပြီး အေးမြသီတာခန်းမ၌ ကျောင်းအုပ်၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားခရိုင်အတွင်း အထက်တန်းဆင့်သင်ကျောင်း (၅၉)ကျောင်း၊ အလယ်တန်းဆင့် (၇၁)ကျောင်း၊ မူလတန်းဆင့် (၁၁၀)ကျောင်းတွင် ထက်၊ လယ်၊ မူ ကျောင်းသား ဦးရေစုစုပေါင်း (၁)သိန်းကျော် ပညာသင်ကြားလျက်ရှိပါကြောင်း၊ မြစ်ကြီးနားခရိုင်အတွက် KG မှ Grade-12 အထိ ဘာသာစုံ (၃ ဒဿမ ၄၈)တန်၊ ကျောင်းဝတ်စုံ (၅၀၀၀)စုံ၊ ကျောင်းသုံးဗလာစာအုပ် (၁၃၀၀)ဒါဇင် ထပ်မံရရှိခဲ့သည့်အတွက် ယခုလို ဖြန့်ဝေပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းသား/ ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေသည့် ပုံနှိပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို ခွဲတမ်းအပြည့်အစုံရရှိရေးအတွက် လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ထက်၊ လယ်၊ မူအဆင့်အလိုက် ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံများ နှင့် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပလနကျေးရွာအုပ်စု၊ ယုဇနမြိုင်ကျေး ရွာသို့ ဆက်လက်သွားရောက်ပြီး ကျေးရွာအောင်မင်္ဂလာခန်းမ၌ ကျေးရွာသူ/ ရွာသားများနှင့်‌တွေ့ဆုံ ပြီး ကျေးရွာရှိ ကိုယ်ထူကိုယ်ထစာကြည့်တိုက်ဖြစ်သည့် ရောင်ခြည်ဦးစာကြည့်တိုက်တွက် စာအုပ်၊ စာပေများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ နိုင်ငံတော်အနေဖြင့် စာပေတတ်မြောက်ရေးအတွက် စာအုပ်စာစောင်များကို ပြည်သူများ လက်လှမ်းမီစွာ ဖတ်ရှုလေ့လာခွင့်ရရှိရေးကို အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာဖတ်ခြင်းအားဖြင့် အမှားကို အမှန်သိမြင်နိုင်ပြီး၊ ဥပဒေကို လေးစားလိုက်နာသော၊ ပိုမိုကောင်းမွန်သော လူမှုအသိုင်းအဝန်းဖြစ် ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာစာကြည့်တိုက်အတွက် မတည်ငွေလှူဒါန်းငွေ ကျပ် ၁၀ သိန်းနှင့် သုတ/ရသစာအုပ်စာပေများကို စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များထံ ပေးအပ်လှူဒါန်းခဲ့ပြီး ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

          ယင်းနောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (မြစ်ကြီးနား)၏ သတ္တမအကြိမ်မြောက် စိုက်ပျိုး ရေးဒီပလိုမာနှင့် ပထမအကြိမ်မြောက် မွေးမြူရေးဒီပလိုမာအပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက် ခဲ့ကြပြီး ကျောင်း၏ ဧရာမြစ်ဆုံခန်းမ၌ ကျောင်းအုပ်၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ဒီပလိုမာဘွဲ့ရ လူငယ်မောင်/မယ်များအား ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ မြစ်ကြီးနားကျောင်းအနေဖြင့် စိုက်ပျိုးရေးဒီပလိုမာရရှိသူ ဦးရေ (၆၁၆)ဦးနှင့် မွေးမြူရေးဒီပလိုမာရရှိသူ (၃)ဦးတို့အား အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် မိမိတို့ဒေသ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့သင်ကြားတတ်မြောက်ထားသည့် ခေတ်မီစိုက်ပျိုးမွေးမြူရေး နည်းပညာများကို အသုံးချ၍ ကျရာတာဝန်ကို ကိုယ်စွမ်းဉာဏ် စွမ်းရှိသရွေ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးဒီပလိုမာ ပထမနှစ်မှတတိယနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒီပလိုမာယူမည့် ကျောင်းဆင်းလူငယ်/မောင်မယ်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ထို့နောက် ဒီပလိုမာအပ်နှင်းခြင်းကို ကျောင်းအုပ်ကြီးနှင့်တကွ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များက သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ ကျောင်းသား/ကျောင်းသူ (၆၁)ဦးနှင့် ပထမအကြိမ်မြောက် မွေးမြူရေးဒီပလိုမာကျောင်းသား/ကျောင်းသူ (၃)ဦးတို့အား ဒီပလိုမာအပ်နှင်း ပေးခဲ့ကြကြောင်း သိရသည်။

          ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ အားလုံးအား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုနေ့လယ်စားဖြင့် တည်ခင်းဧည့်ခံဂုဏ်ပြုခြင်း အခမ်း အနားသို့ တက်ရောက်သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားများတွင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ဒေသတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာ၊ ပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် ရိုးရာအစဉ်အလာကြီးမား သည့် မနောကွင်းအတွင်း စုစုစည်းစည်းဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းများသော်လည်းကောင်း ကျေးဇူးတင်ဂုဏ်ပြု သည့်အနေဖြင့် ယခုလို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် နေ့လယ်စာအတွက် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းဗဟိုမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးချီးမွမ်းပေးပြီး မလိခ Music Band ၏ ဖျော်ဖြေတင်ဆက်မှုနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ ရင်းနှီးနွေးထွေးစွာ သုံးဆောင်ခဲ့ကြသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်အတွင်းရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ရှမ်းမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ရှမ်းနှစ် ၂၁၂၀ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနား သို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ရှမ်းတိုင်းရင်းသားမျိုးနွယ်စု လူငယ်မောင်မယ် နန်းယိမ်း တိုင်းအဖွဲ့က ရိုးရာအဖွင့်သီချင်းသီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ရှမ်းမျိုးနွယ်စုများအနေဖြင့် ရိုးရာဓလေ့ထုံးစံများကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခဲ့ကြသည်ကို ဂုဏ်ယူဝမ်းမြောက်စွာ‌တွေ့ရှိရပါကြောင်း၊ ထို့အပြင် ရှမ်းသမိုင်းအရ သာသနာတော်နှစ် ၄၅၀ ခုမှစတင်ပြီး ရှမ်းနှစ်အဖြစ် စတင်သတ်မှတ်ခဲ့ရာမှ ယခုသာသနာတော်နှစ် ၂၅၇၀ မှ ၄၅၀ ခုနှစ်ကို နှုတ်ပြီး ယခုနှစ် ရှမ်းနှစ်သစ်သည် ၂၁၂၀ ခုနှစ် ဖြစ်ကြောင်းနှင့် နတ်တော်လဆန်း (၁)ရက်နေ့သည် ရှမ်းနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကြောင်း သိရှိရပါ ကြောင်း၊ ယခုလို ရှမ်းမျိုးနွယ်စုများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် နှစ်သစ်ကူးနေ့ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နိုင်ငံအကျိုး၊ ပြည်နယ်၏ အကျိုးကို ယခုထက်ပိုမို သယ်ပိုးနိုင်ကြသူများဖြစ်ကြပါစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ ရှမ်းမျိုးနွယ်စုများက မင်္ဂလာအပေါင်းပြည့်စုံပြီး‌အောင်မြင်တိုးတက်ခြင်းဖော် ဆောင်သည့် တိုးနယားအက၊ တိုင်းလုံမျိုးနွယ်စုများက ကိန္နရီ/ကိန္နရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ရှမ်းမျိုးနွယ်စုများ နှစ်သစ်ကူးနေ့အတွက် ချီးမြှင့်ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကာ ရှမ်းမျိုးနွယ်စုများ၏ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။