မြစ်ကြီးနား ဇန်နဝါရီ ၂
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ထူးဆောင်ဆု၊ ဆုတံဆိပ်နှင့် ဆုပစ္စည်းများ အပ်နှင်းပွဲ၊ မနောပွဲအကဖြင့် စုပေါင်းဆင်နွှဲနိုင်ရေးစသည့် အထိမ်းအမှတ်အခမ်းအနားများ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဇန်နဝါရီ ၁၀ ရက်နေ့ ကချင်ပြည်နယ်နေ့ မတိုင်မီ ကျင်းပပြုလုပ်သွားမည့် ပြည်နယ်နေ့ ဂုဏ်ပြုအခမ်းအနားအစီအစဉ်များ၊ ဇန်နဝါရီ ၉ ရက်နေ့တွင် ပြည်နယ်နေ့အထိမ်းအမှတ်အောင်မြင်ခြင်း မနောအကစုပေါင်းဆင်နွှဲနိုင်ရေးအတွက် မနောကွင်းဖွင့်ပွဲနှင့် မနောအကစုပေါင်းဆင်နွှဲသွားမည့် အစီအစဉ်များ၊ MSME ပြခန်းများ ခင်းကျင်းပြသွားမည့် အစီအစဉ်များ၊ မြန်မာ့ရိုးရာလက်ဝှေ့ဖွင့်ပွဲ၊ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပသွားမည့် အစီအစဉ်များ၊ ဂုဏ်ပြုညစာစားပွဲ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်နေ့အခမ်းအနားကို ခမ်းအနားထည်ဝါစွာ ကျင်းပပြုနိုင်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချူပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ်- ၄ / ယောရင်ကွင်း၊ ဦးပိုင်အမှတ် ၃၅ /၂င ၊ ၃၅ /၂စ ၌ ကချင်ပြည်နယ်တရားလွှတ်တော်ရုံးအဆောက်အဦသစ် အလျား ၂၀၆ ပေ၊ အနံ ၁၅၃ ပေရှိ သံကူကွန်ကရစ်(၄)ထပ် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြရာ အဆိုပါ အဆောက်အဦသစ်အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးရမည့် မြေသားပြုပြင်ခြင်းလုပ်ငန်းနှင့် အောက်ခြေဖောင်ဒေးရှင်းဆောင်ရွက်ခြင်း လုပ်ငန်းများ၊ ခြံစည်းရိုးအုတ်ကာရံခြင်း၊ Ground Tank တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကာ လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပမ္မတီး(ရေကြည်)ရပ်ကွက်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ယူတည်ဆောက်လျက်ရှိသော ရေကြည် ချောင်းရေထိန်းတံခါး စီမံကိန်းဧရိယာသို့ သွားရောက်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီး အောင်ဆောင်ရွက်သွားမည့်လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရေတံခါး၏ ရေဆင်းဧရိယာအတွက် စက်ယန္တရားကြီးများဖြင့် မြေယာရှင်းလင်းဆောင်ရွက်နေမှု၊ အကျယ် ၈ ပေ၊ အမြင့် ၈ ပေရှိ သံကူ ကွန်ကရစ် ရေထုတ်ရေထိန်းတံခါး (၇)ပေါက် တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည့် လုပ်ငန်းများအား အပိုင်းလိုက် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပြီးစီးရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန့်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်အတွင်းရှိ (ဆွတ်ငိုင်တောင်) ယာယီတိမ်းရှောင်စခန်း၌ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာ များမှ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ယာယီတိမ်း ရှောင်စခန်းရှိ ဖားကန့်မြို့နယ် ရှရော်ခ၊ မနား၊ ဆိုင်းဂျာဘွမ်၊ ဆွတ်ရာ၊ မျောက်ဖြူကျေးရွာများမှ အိမ်ထောင်စု (၁၄၄)စုတို့အတွက် ဆန် (၂၄)ပြည်ပါ အိတ် (၁၀၀)အိတ်နှင့် ခြုံစောင်အထည် (၁၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်မှုများအတွက် ကျေးဇူးတင်စကားနှင့် စခန်းအတွင်းခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအတွက် လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး စဉ်ဆက်မပြတ် ထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် ယခုအခါ ဆောင်းရာသီရောက်ရှိပြီဖြစ်သည့်အတွက် ခြုံစောင်များကိုပါ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ အိမ်ထောင်စုများအနေဖြင့် ကျန်းမာရေးအလေးထားဂရုပြုနေ ထိုင်ကြရန်လိုကြောင်း မှာကြားခဲ့ပြီး အိမ်ထောင်စုများ သုံးရေချိုးရေလိုအပ်ချက်အတွက် ရေမော်တာ အရံဝယ်ယူထားနိုင်ရေး ငွေကျပ် ၃ သိန်းခွဲကို ထပ်မံထောက်ပံ့ပေးအပ်ကာ လိုအပ်ချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။
အလားတူ ဇန်နဝါရီ ၁ ရက် နံနက် ၇ နာရီကလည်း မြစ်ကြီးနားမြို့ Northern Star ဂေါက်ကလပ်၌ ပြည်ထဲရေးဝန်ကြီးဌာန(ကချင်ပြည်နယ်)မှ ကြီးမှူးကျင်းပသော Happy New Year အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက Smoke Ball ကိုရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ညပိုင်းတွင် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ရွှေအဆင့်ရ ဆုရရှိသူများ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုအမျိုးအစားအလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။








