မြစ်ကြီးနား မတ် ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ Guangxi Economic and Trade Vocational Institute(GXETVI) သို့ Diploma in Fashion and Apparel Design (ဖက်ရှင်နှင့် အထည်အလိပ်ဒီဇိုင်း) သာသာရပ်ကို (၃)နှစ်သွားရောက်သင်ယူကြမည့် ကျောင်းသား/ ကျောင်းသူများနှင့် Grade-12 စာမေးပွဲစစ်ဆေးပေးကြမည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြု လုပ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပညာတော်သင်သွားရောက်ကြမည့် မောင်တို့၊ မယ်တို့အနေဖြင့် ဖက်ရှင်နှင့် အထည်အလိပ်ဒီဇိုင်းဘာသာရပ်သည် ယနေ့ခေတ်ကာလ၏ လူမှုစီးပွားနယ်ပယ်တွင် အလွန်အရေးပါပြီး အားကိုးအားထားပြုရသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာရပ်တစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာအဆင့်မီ ပညာ ရပ်များကို သွားရောက်ဆည်းပူးနိုင်ရေးအတွက် မိခင်တက္ကသိုလ်နှင့် မိခင်နိုင်ငံတော်က စနစ်တကျရွေးချယ်စေလွှတ်လိုက် ခြင်းဖြစ်သည့်အတွက် မိမိတို့အပေါ်ထားရှိသည့်ယုံကြည်မှုကို အလေးအနက်ထားပြီး သင်ယူရမည့် ပညာရပ်များကို အာရုံ စိုက်ကာ တစိုက်မတ်မတ်လေ့လာဆည်းပူးသွားကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် မိမိတို့တိုင်းပြည်၏ ဂုဏ်သိက္ခာကို အလေးထားရန်နှင့် ယဉ်ကျေးမှုကိုယ်စားလှယ်များအဖြစ်နေထိုင်ကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်း၊ ထို့အတူ နောင်တစ်ချိန်တွင် တိုင်းပြည်နှင့် ပြည်နယ်၏အထည်အလိပ်နှင့် ဖက်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရှေ့ဆောင်လမ်းပြများဖြစ်လာအောင် ကြိုးစားကြရန်လိုအပ်ပါကြောင်း အားပေးပြောကြားသည်။
ထို့အတူ Grade-12 စာစစ်ပေးကြမည့် ဆရာ/ ဆရာမများကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က မျှတမှုနှင့် တိကျမှုရှိရန် လိုအပ်ပြီး စေတနာနှင့် အတတ်ပညာကိုအသုံးချစေခြင်းဖြင့် စာစစ်လုပ်ငန်းကို အမှားအယွင်းမရှိအောင် အထူးဂရုပြု ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ Guangxi Economic and Trade Vocational Institute (GXETVI) သို့ Diploma in Fashion and Apparel Design (ဖက်ရှင်နှင့် အထည်အလိပ်ဒီဇိုင်း)ဘာသာရပ်ကို (၃)နှစ်တာ သွားရောက်ပညာသင်ယူကြမည့် ကျောင်းသား/ ကျောင်းသူ(၁၉)ဦးတို့က တစ်ဦးချင်းမိတ်ဆက်ဂါဝရပြုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများအတွက် ချီးမြှင့်ငွေကျပ် ၁၉ သိန်းနှင့် အလှူရှင်များကလည်း ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး Grade-12 စာစစ်ပေးကြမည့် ဆရာ/ ဆရာမများအတွက် ချီးမြှင့်ငွေကျပ်သိန်း (၆၄၀) ကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ မြစ်ကြီးနားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်က ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပံ့ပိုးကူညီစီစဉ်ဆောင်ရွက်ပေးခဲ့သော ပြည်နယ်အစိုးရအဖွဲ့အား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့သွားရောက်ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၏ (၅)နှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များထံ ရှင်းလင်းပွဲအခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ(၅)နှစ်တာကာလအတွင်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အကျိုးအတွက်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအတွက် ဆန်အိတ်များနှင့် Sky Net စလောင်း(၁)စုံစီနှင့် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက သာသနာ့ဗိမ္မာန်တော်၌ ၂၃.၃.၂၀၂၆ ရက်နေ့ကစတင်ပြီး မြစ်ကြီးနားစာဖြေဌာနဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိသော ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မစရိယစာမေးပွဲအား ဆရာတော်ကြီးများကကြီးကြပ်၍ ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းတို့တွင် သံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း (၄၃၇)ပါး ဖြေဆိုနေမှုကို အားပေးကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးများအား ၂၀၀၆၆၀၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။






