ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့ စိမ်းလန်းစိုပြည်၍ သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး၊ ပူတာအိုမြို့၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပညာရေးဝန်ထမ်းများ တွေ့ဆုံ

ပူတာအို         အောက်တိုဘာ ၂
          မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် လယ်သီးထပ်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ပိုင်းက မြို့စိမ်းလန်းစိုပြည်၍ သန့်ရှင်းသာယာလှပရေး ကွင်းဆင်းဆောင်ရွက်သည်။
          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရဲဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုလေဆိပ်၌ လေဆိပ်ဝင်းအတွင်း ကားပတ်လမ်း ဝဲ/ယာနှင့် မြေကွက်တို့တွင် မြေယာရှုခင်းပြုပြင်၍ နှစ်ရှည်ပင်များနှင့်ပန်းပင်များ၊ ပန်းအိုးများ စနစ်တကျစိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လေဆိပ်ရှေ့ ကားလမ်းဘေး ဝဲ/ယာ တစ်လျှောက် သန့်ရှင်း သပ်ယပ်မှုရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက လေဆိပ်အဝင်လမ်းဘေးရှိ တြိဂံပုံစံ မြေဧရိယာ ၇၅၀ ပေ၊ ၃၄၀ ပေ၊ ၈၁၃ ပေ အား ပန်းခြံအဖြစ် အကောင်အထည်ဖော်ရွက်နိုင်ရေး ၂၀၀၀ ပေ ၊ ၆၅ ပေအား ခြံဝင်းခတ်သွားမည့် အစီအစဉ်များ၊ မြေယာရှုခင်းပြုပြင်၍ ပန်းပင်များ စိုက်ပျိုးသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး၏ ရှင်းလင်းတင်ပြမှုအပေါ် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်  အပိုင်းလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေဆိပ်မှတစ်ဆင့် မြို့တွင်း အဓိကလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် စည်ပင်သာယာရေးအဖွဲ့က ပန်းခြံငယ်များ ပြုလုပ်ထားရှိမှု အခြေအနေများနှင့် လုံးစွတ်ရပ်ကွက်အတွင်း ပန်းခြံများ ထပ်တိုးတည် ဆောက်နိုင်ရေး၊ အရပ်ရပန်းပွင့်သည့် အပင်ကြီးမျိုးများစနစ်တကျ စိုက်ပျိုးနိုင်ရေး၊ ပျိုးပင်များအား နှစ်အလိုက် ပြုစုပျိုးထောင်၍ စိုက်ပျိုးဆောင်ရွက်သွားရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း(ပူတာအို)ရှိ အောင်ဆန်းခန်းမ၌ ခရိုင်/ မြို့နယ်ပညာရေးဝန်ထမ်းများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်များ၊ Grade-12  သင် ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အနေဖြင့် ပညာရေးအဆင့်အတန်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်ကို တွေ့ရှိရပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်လည်း တိုးတက်လာသကဲ့သို့ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများလည်း ပေါ်ထွန်းလာပြီဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်သမ္မတကလည်း နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်ဖွင့်လှစ်နိုင်သွားရေး စီစဉ်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည့်အတွက် ပူတာအိုအတွက် ဝမ်းသာဂုဏ်ယူစရာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒီဂရီကောလိပ်ဖွင့်လှစ်နိုင်ရေးကို မိမိတို့အားလုံးက ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက်ကိုလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအားလုံးက အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
          ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ပူတာအိုမြို့၌ ဒီဂရီကောလိပ်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသတွင်း ပညာရေမြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးစားကြရေး ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပူတာအိုခရိုင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် မတည်ပံ့ပိုးငွေကျပ်သိန်း ၁၀၀ ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။
          ယင်းနောက် တက်ရောက်လာကြသည့် ပညာရေးဝန်ထမ်းများနှင့် အခြေခံပညာကျောင်းအုပ်များက သက်ဆိုင်ရာကျောင်းများအလိုက် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အခြေခံအဆောက်အအုံများဖြည့်ဆည်းပေးရေးစသည့်ကိစ္စရပ်များကိုတင်ပြကြရာ ပြည်နယ် ပညာရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကာပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းကျောင်း(ဇီးအွန်)ကျောင်းရှိ ကျောင်းဆောင်သစ်ပြုပြင်ထိန်းသိမ်းစရိတ်အတွက် ကုန်ကျငွေကျပ် ၁၈၉ သိန်းကို ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်အတွင်းရှိ ပိုင်ရှင်ဦးအားဆီ၏ ခြံသို့ သွားရောက်ပြီး ခြံဝင်းအတွင်း ကြက်ဆင်၊ ဒေသကြက်၊ မန်ဒါလီဘဲများ မွေးမြူထားရှိမှုအခြေအနေများနှင့် အသားတိုးဝက်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက်ရရှိမှုနှင့် တိုးချဲ့မွေးမြူနိုင်ရေးအတွက် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။