ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မိုးကောင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စည်ပင် သာယာရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ဆုံးဆီဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စံနှုန်းများနှင့်အညီ ရောင်းချ နိုင်ရေးကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား   သြဂုတ် ၉

         ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းများနှင့် စက်သုံးဆီများ စံနှုန်း၊ ညွှန်ကြားချက်များနှင့်အညီရောင်းချနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ် ၉ ရက် နံနက်ပိုင်းက မိုးကောင်းမြို့သို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မိုးကောင်းမြို့၊ နောင်ကိုင်တော်ရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးသန့်စင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လမ်း၊ တံတားနှင့်ရေပေးဝေရေး စီမံကိန်းလုပ်ငန်းများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများသတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်ကြ‌ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးက အားပေးစကားပြောကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့် အခက်အခဲများကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်သည်။

          ယင်းနောက် မိုးကောင်းမြို့ အိုးတန်းရပ်ကွက်အတွင်း နန့်ရင်းချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးရေတိုက်စားခံရမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက အမြန် ဆုံးပြင်ဆင်ဆောင်ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ တွက်ချက်တင်ပြနိုင်ရေးမှာကြားခဲ့ပြီး ကျွန်းတော(အရှေ့ရပ်)ရပ်ကွက်အတွင်း ရေဝပ်ဧရိယာဖြစ်ပေါ်လျက်ရှိသည့် လမ်းသွယ် (၇)မှ လမ်း သွယ်(၉)အထိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်သန်း (၅၈ ဒဿမ ၅၉)သိန်း ဖြင့် အကုန်အကျခံဆောင်ရွက်ပေးလျက်ရှိသည့် အရှည် (၃၇၀)ပေ၊ အကျယ် (၂ ဒဿမ ၆)ပေရှိ အုတ်စီရေနှုတ်မြောင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးသည် မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် မြို့အထွက်ရှိ ဖြိုးဝေဦး၊ Regency နှင့် တိမ်ဖြူ စက်သုံးဆီများအား သွားရောက်ပြီး ရေနံကြီးကြပ်စစ်ဆေးရေး အရာရှိ ဦးမင်းမင်းနှင့်အတူ ဆီအရည်အသွေး၊ အချိန်အတွယ်နှင့် ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/ မရှိနှင့် အဝေးပြေးလမ်းမကြီးနှင့် သတ်မှတ်လမ်းနယ်အတွင်း ကျရောက်မှုရှိ/ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုးကောင်းမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (၆၆/ ၁၁ ကေဗွီ (၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ ရောက်ရှိကာ ခွဲရုံအတွင်း ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် နမ္မတီးမြို့သို့ ရောက်ရှိကာ မြို့ဦးရပ်ကွက်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်  ဆောင်ရွက်ပြီးစီးခဲ့သည့် စိန်ရတနာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထို့နောက် နမ္မတီးမြို့ ဂုဏ်ပွင့်နိုင်စက်သုံးဆီဆိုင်၌ မိုးကောင်းမြို့နယ်အတွင်းရှိ စက်သုံးဆီ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးက စက်သုံးဆီဆိုင်များအနေဖြင့် စံသတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး၊ မီးဘေးအန္တရာယ်လုံခြုံရေးကို အထူးဂရုစိုက်ကြရန်လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေးမှာကြားပြီး ရေနံကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက စက်သုံးဆီဆိုင်များလိုက်နာဆောင်ရွက်ရမည့် စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

          ဆက်လက်၍ ဂုဏ်ပွင့်နိုင် စက်သုံးဆီဆိုင်၌ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်နည်းအား လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ဆီဆိုင်နှင့် ကျားပြောင်း စက်သုံးဆိုင်အား သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။