မြစ်ကြီးနား ဖေဖော်ဝါရီ ၅
ဒေသတွင်းစက်သုံးဆီအရောင်းဆိုင်များတွင်စက်သုံးဆီများ ကိုင်တွယ်တာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများအား အန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်း အခြေခံသင်တန်းဆင်းပွဲ (၁/၂၀၂၆)ကို မြစ်ကြီးနားမြို့ရှိ ရေနံနှင့်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရှံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးက ယခုသင်တန်းသည် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများ ကိုင်တွယ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်နှင့်မတော်တဆမှု ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် သတိပြုလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို စနစ်တကျဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ယခုလို အန္တရာယ်များသည့် စက်သုံးဆီများကို ကိုင်တွယ်ရတဲ့ ဝန်ထမ်းများအနေဖြင့် အဖိုးတန်လှသည့် စက်သုံးဆီများ အလေအလွင့်မရှိစေရေး၊စက်သုံးဆီသုံးစွဲသူများထံ ဘေးကင်းစွာ ရောက်ရှိစေရေး ယနေ့ သင်တန်းမှ သိရှိရသည့် အချက်အလက်အပေါ် အလေးထားဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက သင်တန်းသား/သင်တန်းသူ(၄၀)ဦးတို့အတွက် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးထံ ပေးအပ်ပြီး ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းကြည်ရွှင်က သင်တန်းဆရာများအား အမှတ်ရလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အဆိုပါ ရုံးဝင်းအတွင်း သင်တန်းများအား စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်းအပြင် မီးဘေးအန္တရာယ်အတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်စေရန် ပြည်နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်နည်း များဖြင့် သရုပ်ပြအသိပညာပေးမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် စက်သုံးဆီကိုင် တွယ်ထိန်းသိမ်းနည်းနှင့်ပတ်သက်၍ သတိပြုလိုက်နာ ရမည့်အချက်များကို လည်းကောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလည်းကောင်း သင်ကြားပို့ချပေးခဲ့ကြောင်းသိရပြီး အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်တွင် သင်တန်းသား (၅၈)ဦးတို့အား သင်တန်း(၂)ကြိမ်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင်လည်း သင်တန်း (၂)ကြိမ်တွင် စုစုပေါင်းသင်တန်းသား ၅၂ ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

