ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင် စားသုံးဆီဖူလုံရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၊ အကျိုးပြုလယ်ဧက ၁၆၃၀ အတွက် တည်‌ဆောင်ပြီးစီးသည့် ဟိုဖိုင်မြောက်ကွင်းဆည်(ကျောက်ပုံဆည်) တည်ဆောက်ပြီးစီးမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အလေချီ စိုက်ခင်းအား ကြည့်ရှုစစ်ဆေး

ပူတာအို         ဖေဖော်ဝါရီ ၄

          မြန်မာပြည်မြောက်ဖျားပိုင် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း စားသုံးဆီဖူလုံရေးအတွက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၈ နာရီက ပူတာအိုမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ စားရေရိက္ခာဖူလုံရေးအတွက် မိမိတို့အားလုံး၏ တစ်ညီတစ်ညွတ်တည်းကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် (၃)နှစ်အတွင်း ဝမ်းစာဖူလုံရေးအတွက် ဆန်ဖူလုံမှုရှိပြီဖြစ်ပါကြောင်း၊ ဝမ်းစာအတွက် ဆန်ဖူလုံမှုအပြင် ကျန်စိုက်ပျိုးသီးနှံများ ဖူလုံလာစေရေးကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ တိုးမြှင့်ချထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် နှစ်အလိုက် ဒေသနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံဆီမုန်ညှင်း တိုးချဲ့စိုက်ပျိုး နိုင်ရေးအတွက် ခြံဝင်းခတ်ပေးခြင်း၊ လိုအပ်သည့် သွင်းအားစုများ ပံ့ပိုးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တစ်နှစ်ထက်တစ်နှစ် ယခုကဲ့သို့ ပိုမိုစိုက်ပျိုးထုတ်လုပ်လာနိုင်ပါက မကြာမီနှစ်များအတွင်း စားဆီဖူလုံလာမည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရှိန်အဟုန်မပျက်ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက ခရိုင်အတွင်း စားဆီဖူလုံရေးအတွက် နှစ်အလိုက် စိုက်ဧကတိုးချဲ့၍ စီမံဆောင်ရွက်နေမှု အခြေအနေများနှင့် ဖူလုံမှုရာခိုင်နှုန်း တိုးမြှင့်လာစေရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ပထမ၊ ဒုတိယ၊ တတိယ စက်ဝန်းအလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် ပြန်လည်ပေးသွင်းနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတတိယနှစ်စက်ဝန်းမှ မတည်ငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် တောင်သူ ဒေါ်အနားအား ငွေကျပ်သိန်း (၁၀၀) လွှဲပြောင်းပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်၊ ဟိုဖိုင်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအနီး ဖြတ်သန်းစီးဆင်းလျက်ရှိသည့် နမ့်ထွမ်ချောင်းပေါ် တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂၂၆ ဒဿမ ၇၈) သန်းဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မလိခညီအစ်ကိုများကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သည့် အလျား ၃၃၅ ပေအရှည် ကျောက်စီမြေထိန်းနံရံနှင့် တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် ကျပ်သန်း (၂၅၀)ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် အလျား (၂၁၀)ပေ၊ အနံ (၂၇ ဒဿမ ၅၀)နှင့် အမြင့် (၃ ဒဿမ ၅)ပေရှိ ဟိုဖိုင်မြောက်ကွင်းဆည် (ကျောက်ပုံရေလွှဲဆည်) တည်ဆောက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ဆက်လက်၍ ရှင်းလင်းဆောင်၌ ပြည်နယ်ဦးစီးမှူးက ရေလွှဲဆည်နှင့်ကမ်းထိန်းနံရံတည် ဆောက်ပြီးစီးမှုအခြေအနေများနှင့် နမ့်ထွမ်ချောင်းနှင့်လုံးစွတ်ချောင်းပေါ်ရှိ ရေလွှဲများတည်ဆောက်ထားရှိမှု၊ ကျောက်ပုံရေလွှဲဆည်ကြောင့် အကျိုးပြုဧက ၁၆၃၀ ဧက စိုက်ပျိုးရေရရှိမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

          ယင်းနောက် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်အတွင်းရှိ ပုဂ္ဂလိကပိုင် ခါကာဘိုရာဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ကြပြီး ဘိုးဘွားရိပ်သာအတွင်းရှိ အဘွားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကာ အဘိုး/ အဘွားများအတွက် အလှူငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မူလာရှီးဒီကျေးရွာအုပ်စု၊ ခီစီဒီကျေး ရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ပေးမှုဖြင့် ပိုင်ရှင် ဒေါ်အားညီနို၏ နေအိမ်ခြံဝင်းအတွင်း စိုက်ပျိုးထားသည့် အလေချီ စိုက်ခင်းဖြစ်ထွန်းအောင်မြင်မှု အခြေအနေများနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ဈေးကွက်အတွင်း ရောင်းချနိုင်မှုအခြေအနေများကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းအတွက် သဘာဝမြေသြဇာအိတ်များနှင့် ရွက်ဖျန်းအားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် မူလာရှီဒီကျေးရွာအတွင်းရှိ ရပ်ကွက်ခန်းမ၌ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနက ကျေးရွာအတွင်းရှိ လူငယ်များအတွက် ဖွင့်လှစ်ပေးလျက်ရှိသော အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအား ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။