မြစ်ကြီးနား ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြို့အင်္ဂါရပ်နှင့်အညီခေတ်မီပြီး ခမ်းနားထည်ဝါသည့် မြို့တော်ခန်းမသစ်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့ရာ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရှင်းလင်းဆောင်၌ မြို့တော်ခန်းမသစ်ကို တာဝန်ယူတည်ဆောက်သည့် Jade Land မြန်မာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက မြို့တော်ခန်းမသစ် တည်ဆောက်ခြင်းအား ဘဏ္ဍာနှစ်အလိုက် အပိုင်းလိုက်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လာမည့်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည့် ဆက်စပ်လုပ်ငန်းများအားလည်းကောင်း၊ တာဝန်ခံအင်ဂျင်နီယာက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြီးစီးအောင်ဆောင်ရွက်ရမည့် လုပ်ငန်း (၁၅) ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် အပြီးသတ်ဆောင်ရွက်ရမည့် ဆက်စပ်လုပ်ငန်းများအား အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေး၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေး အလေးအနက်ထားဆောင်ရွက်ကြရေး မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့တော်ခန်းမသစ် အဆောက်အအုံ အကြမ်းထည်တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ခန်းမအတွင်း အခန်းဖွဲ့စည်းပုံများ၊ ပင်မခန်းမကြီး ပြင်ဆင်ဆောက်လုပ်သွားမည့် အစီအစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါး နော်ခန်းမ၌ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင် ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်နှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးကြမည့် ဝန်ထမ်းများ၏ အရည်အသွေးပြည့်ဝစေရေး စွမ်းဆောင်ရည် မြှင့်သင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ ကချင်ပြည်နယ်အတွင်း၌လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာစေရေးအတွက် အနာဂတ်သားကောင်း ရတနာများ ရောဂါဘယကင်းရှင်းရေးသည် လွန်စွာအရေးကြီးသည့်အတွက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားလုံးကို လိုအပ်သော ကာကွယ်ဆေးများအားလုံး အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးနိုင်ရေး ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်ပေးသူအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း အားသွန်ခွန်စိုက် ထပ်မံဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး မှတ်တမ်းဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်းက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါဖြစ်ပွားသေဆုံးမှုအား ကာကွယ်ပေးနိုင်သည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါ နှိမ်နင်းရေး)ဒေါက်တာဇော်ရိန်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိနေသည့် အခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် မိတ်ဖက်အဖွဲ့အစည်းများက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဝိုင်းမော်၊ချီဖွေ၊ ဆော့လော်၊ ဖားကန့်၊ ဆဒုံး၊ ကံပိုင်တည်တို့မှ နယ်မြေအခြေအနေအရ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မြစ်ကြီးနားမြို့ရှိယာယီခိုလှုံရာစခန်းများ၌ နေထိုင်လျက်ရှိသော အိမ်ထောာင်စုများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြစ်ကြီးနားမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်များနှင့် အလှူရှင်များ၏ ခြံဝင်းများအတွင်း ယာယီတိမ်းရှောင်စခန်းများ ဆောက်လုပ်နေရာချထားပေးသော စခန်း (၇)ခုအတွင်းမှ အိမ်ထောင်စု (၃၃၂)စု တို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၃၃၂)အိတ်၊ ဆီပိဿာ ၃၃၂ ပိဿာနှင့် ကြက်ဥကတ်များကို အသီးသီးထောက်ပံ့ပေးအပ်ရာ ယာယီတိမ်းရှောင်စခန်းများမှ မိသားစုများကိုယ်စားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီတိမ်းရှောင်မိသားစုများစားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်ကိစ္စရပ်များအပေါ် အလေးအနက်ထား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒါအပြင် ယခုလို ဆန်ရိက္ခာများ ထောက်ပံ့ပေးမှုကို အလျဉ်းသင့်သလို အဆက်မပြတ်ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ရှေ့ဆက် ၍လည်း ထောက်ပံ့မှုပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားခဲ့ကြောင်း သိရသည်။




