မြစ်ကြီးနား ဧပြီ ၂
ယခုနှစ် မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံ တော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဧပြီ ၂ ရက် နံနက် ၈ နာရီက ဝတ်ပြုဆုတောင်းပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝတ်ပြုဆုတောင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အင်အားအလွန်ပြင်းထိန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရှမ်းပြည်နယ်တို့တွင် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်များ သတ်မှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝမ်းနည်းခဲ့ရပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အနေဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အလှူငွေများကို ထည့်ဝင်လှူဒါန်းပေးလျက်ရှိသည့်အပြင် ယနေ့ မိမိတို့ ညီအစ်ကိုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာများနှင့် ကက်သလစ်အသင်းတော်များမှ ဘုန်းတော်ကြီးများက ဦးဆောင်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် တက်ရောက်လာသူများအားလုံးက (၁) မိနစ် ငြိမ်သက်ဆုတောင်းခဲ့ကြပြီး အဖွင့်ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းဆက်ကပ်ပေးခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ သိက္ခာတော်ရဆရာ ဦးလဗွီးနော်ဘောက်က အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်ဆီးဆုံးရှုံးခဲ့ရသူများ အတွက် အထူးဆုတောင်းပေးပြီး ဓမ္မဒေသနာတော်များ နာယူခဲ့ကြကာ ဖာသာဒေါက်တာယုံဝါက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
