မြစ်ကြီးနား အောက်တိုဘာ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ပြည်နယ်အစိုးရအဖွဲ့ ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးအား မြို့နယ်အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာမှူး၊ အရာထမ်း/ အမှုထမ်း၊ စိမ်းလန်းနှင့် သန့်ရှင်းရေးအဖွဲ့များက အသီးသီးဂါရဝပြုမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေပေးဝေရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တာဝန်ကျေပွန်စွာ ကြိုးစားဆောင်ရွက်နေကြသည်ကို တွေ့ ရှိရပါကြောင်း၊ ဝိုင်းမော်မြို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းပါက ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်နိုင်သည့်အတွက် မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် စနစ်တကျကြိုတင်စီမံဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား အလျဉ်းသင့်သလို ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ စီမံခန့်ခွဲရေးဌာနစိတ်၊ အင်ဂျင်နီယာဌာနခွဲ၊ သန့်ရှင်းရေးဌာနစိတ်၊ ဈေးနှင့်သားသတ်ဌာနစိတ်၊ မြို့သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေး နေ့စားဝန်ထမ်းများ၊ ဈေးသန့်ရှင်းရေးလုပ်ငန်းသားများနှင့် ဈေးညစောင့်များ စုစုပေါင်းအမြဲတမ်းနှင့် နေ့စားဝန်ထမ်း (၈၅)ဦးတို့အတွက် တစ်ဦးလျှင် ဆန် (၄) ပြည်၊ ဆီ (၄၀)ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ ကြက်သွန်သီတစ်ပိဿာနှင့် ကြက်သွန်ဖြူ ၅၀ ကျပ်သားစီဖြင့် ငွေကျပ်စုစုပေါင်း (၃၄၀၀၀၀၀) တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝင်းအတွင်းရှိ ပျိုးဥယျာဉ်အတွင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် စိုက်ပျိုးသွားမည့် အလှပန်းပင်များ ပြုစုပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေ အနေများ၊ လုပ်ငန်းသုံးယာဉ်၊ ယန္တရားများ စုစောင်းထားရှိမှုနှင့် အသုံးပြုလျက်ရှိသည့် အခြေအနေများနှင့် ဝန်ထမ်းအိမ်ရာအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




