မြစ်ကြီးနား သြဂုတ် ၂၀
နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်းထားသော ပိုးသတ်ဆေး ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးပြီး မှတ်ပုံတင်ထားသော အရည်အသွေးပြည့်မီသည့် ပိုးသတ်ဆေးများကို ရောင်းချ/ သုံးစွဲနိုင်ရေးအတွက် ကချင်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော လက်လီ လက်ကားအရောင်းဆိုင်များနှင့် ပိုးသတ်ဆေးသုံးစွဲလျက်ရှိသည့်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအား သင်ကြားပို့ချမည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၁/၂၀၂၆) ကို ယနေ့ နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်မြင့်မားရေးအတွက် လိုအပ်သည့် နည်းပညာများ၊ ပံ့ပိုးပစ္စည်းများကို နိုင်ငံတော်အပိုင်းနှင့် ပုဂ္ဂလိကအပိုင်းက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာ အရေ အတွက်သာမက အရည်အသွေးပါ တိုးတက်မြင့်မားလာနိုင်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP (Good Agricultural Practices)ကို ကျင့်သုံး၍ အရည်အသွေးမြင့်ပြီး ဘေးအန္တရာယ်ကင်းသည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို အဓိကထား ထုတ်လုပ်ရန် ပိုးသတ်ဆေးဓာတ်ကြွင်း၏ အန္တရာယ်ရှိမှုကို လျှော့ချနိုင်ရေး ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ပိုးသတ်ဆေးဖြန့်ဖြူးရောင်းချသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်)က ညွှန်ကြားရေးမှူး ဦးဇော်လင်းက လတ်လလောဖြစ်ပေါ်နေသော ပြည်ပပို့ကုန် (ဆန်စပါး၊ ပဲမျိုးစုံ၊ ငရုတ်)စသည့် သီးနှံများတွင် သတ်မှတ်နှုန်းထားထက် ဓာတုဓာတ်ကြွင်းပါဝင်မှု မြင့်မားသည့်အတွက် ပြည်ပပို့ကုန်ရောင်းချခြင်းလုပ်ငန်းတွင် အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်နွယ်သူအားလုံး ပိုးသတ်ဆေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စည်းမျဉ်း၊ စည်းကမ်း စနစ်တကျ လိုက်နာ၍ ရောင်းချခြင်း၊ သုံးစွဲခြင်းပြုလုပ်နိုင်ရေး သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
အဆိုပါ သင်တန်းကို ပြည်နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များ၊ တစ်သျှူးငှက်ပျောစိုက်ပျိုးလုပ်ကိုင်သူများ၊ ပိုးသတ်ဆေးအရောင်းဆိုင်ကိုယ်စားလှယ်များအား စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သြဂုတ် ၂၀ ရက်နှင့် ၂၁ ရက်၊ နှစ်ရက်ကြာ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများကို ဘေးကင်းမှန်ကန်စွာ အသုံးပြုနိုင်ရေး၊ ပိုးသတ်ဆေးဓာတ်ကြွင်း၊ အညွှန်းစာ၊ ဖော်စပ်ထုတ်လုပ်မှုပုံစံနှင့် အရည်အသွေးများအကြောင်း၊ ပိုးသတ်ဆေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြစ်မှုပြစ်ဒဏ်များ၊ အဖျက်ပိုးအမျိုးအစားများ ခွဲခြားခြင်းနှင့် ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ သီးနှံပင်ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ အပင်ရောဂါသတ်ဆေးများ၏ အစွမ်းအာနိသင်၊ အသုံးပြုနိုင်မှုနှင့် အန္တရာယ်များကို သင်ကြားပြီး အရည်အချင်းစစ်စာမေးပွဲဖြေဆိုခိုင်းသွား မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်းပေါ်ရှိ Manau(မနောင်) Business Tower ၌ ဖွင့်လှစ်သွားမည့် ကချင်ပြည်နယ်ဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်းရုံး သစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင်၊ အသင်းဥက္ကဋ္ဌ ဦးတူးရိန်တို့က အသင်းရုံး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရုံးသစ်ဖွင့်ပွဲကို Manau Business Tower သုံးလွှာရှိ ရုံးသစ်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အသင်းဝင်များ၏ နည်းပညာနှင့် အရည်အသွေးများ တိုးတက်လာစေရေး၊ လူငယ်အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ယုံကြည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်မည့် ပေါင်းကူးတံတားအဖြစ် အသင်းက ပိုမိုအားကောင်းစွာ ရပ်တည်ပြီး ဒေသတွင်း ဆောက်လုပ်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးစေကာ ပြည်သူ လူထုအတွက် အမှန်တကယ်အကျိုးပြုသည့် အခြေခံအဆောက်အအုံများ ပိုမိုပေါ်ပေါက်လာစေရေး အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။
ထို့နောက် အသင်းဥက္ကဋ္ဌက အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ချိတ်ဆက်ပူးပေါင်း၍ ပြည်နယ်အကျိုး၊ ဒေသအကျိုးဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်၍ ဆုတံဆိပ်များဖြင့် အောင်ပွဲရ ပြည်နယ်လက်ရွေးစင် တိုက်ကွမ်ဒို၊ ကရာတေးနှင့် ဘက်စကက်ဘောအသင်းများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး လက်ရွေးစင် အသင်းများကိုယ်စား တိုက်ကွမ်ဒိုအသင်း နည်းပြက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းပြောကြား ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာ ဝန်ကြီးတို့က ကြေးတံဆိပ် နှစ်ခုရရှိခဲ့သော ပြည်နယ်လက်ရွေးစင် ဘက်စကက်ဘောအသင်းအား လည်းကောင်း၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် တစ်ခုရရှိခဲ့သော လက်ရွေးစင် ကရာတေးအသင်းအတွက် လည်းကောင်း၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် တစ်ခု ရရှိခဲ့သော တိုက်ကွမ်ဒိုအသင်းအား လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ်စုစုပေါင်း ၅၈ သိန်းကို နည်းပြများနှင့် အားကစားသမားများထံ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြရာ အသင်းအုပ်ချုပ်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။



