မြစ်ကြီးနား ဧပြီ ၆
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံတင်မြှောက်ခံထားရသူက ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုအမည်စာရင်းတင်သွင်းလာသူ မြစ်ကြီးနားမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်အား လွှတ်တော်က ခန့်အပ် တာဝန်ပေးရန် အတည်ပြုကြောင်းဆုံးဖြတ်ခဲ့ကြသည်။
ရှေးဦးစွာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၄၅)ဦးအနက် (၄၅)ဦးလုံး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ၏ ကချင်ပြည်နယ်ဝန်ကြီးဌာန အရေအတွက်(၇)ခု၊ ကချင်ပြည်နယ်ဝန်ကြီးဦးရေ(၇)ဦးနှင့် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးဦးရေ (၃)ဦးတို့အား သတ်မှတ်နိုင်ရေး အဆိုပြုချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြကာ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကိုရယူပြီး အဆိုပြုချက်ကို အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေး နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံထားရသူက အဆိုပြုလာသည့် မြစ်ကြီးနားမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးခက်ထိန်နန်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြခြင်းနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်လိုပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် အဆိုပြုထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်ရေးအကျဉ်းအား ဖြန့်ဝေခဲ့ကြပြီး အစည်းအဝေးကို ခေတ္တရပ်နားလိုက်သည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက အဆိုပြုထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသဖြင့် လွှတ်တော်၏သဘောတူညီချက်ကိုရယူကာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မြစ်ကြီးနားမြို့နယ်၊ ကိုယ်စားလှယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်အား ခန့်အပ်တာဝန်ပေးအပ်ရန် အတည်ပြုကြောင်းကြေညာပြီး အစည်းအဝေးစတုတ္ထနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။