ပြည်နယ်ဝန်ကြီးချုပ် ယူချိန်တရုတ်စာပေယဉ်ကျေးမှုသင်တန်းကျောင်း၌ ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား   စက်တင်ဘာ ၂၉

          ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်းရှိ ယူချိန်တရုတ် စာပေယဉ်ကျေးမှုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ရှင်း(င်)ကျူးကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ် ဦးရင်းစိန်ပန်းမှ ကျောင်းဆောင်သစ်ဆောက်လုပ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ်ကို ပြည်နယ်သံဃနာယက အကျိုးဆောင်၊ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာအမှူးပြုသော မြစ်ကြီးနားမြို့ တရုတ်ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တဦးအာစရိယ၊ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ယူချိန် ကျောင်းကော်မတီ ဥက္ကဋ္ဌများ၊ ယူနန်-ပေါင်ဆန်း ဟိန်ရိကုမ္မဏီဥက္ကဋ္ဌ ဦးတွမ်ကျိကွေ့၊ ကျောင်းအုပ်၊ ကျောင်းကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ယဉ်ကျေးမှုစာသင်ကျောင်းသည် ပြည်နယ်အတွင်းရှိ လူငယ်များအား တရုတ်ဘာသာစကားနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျလေ့လာသင်ယူနိုင်သောကျောင်းဖြစ်ပါကြောင်း၊ ထို့အပြင် ဤကျောင်းမှ မွေးထုတ်ပေးလိုက်သော ကျောင်းသား/ ကျောင်းသူများသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းနိုင်မည့်အပြင် ကချင်ပြည်နယ်၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်လာမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။

ထို့နောက် ကျောင်းကော်မတီတာဝန်ရှိသူများက အသီးသီးရှင်းလင်းပြောကြားခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်းသိရသည်။