မြစ်ကြီးနား စက်တင်ဘာ ၂၉
၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယ ပါဋိပထမပြန်စာမေးပွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားစာဖြေဌာနမှ ထူးချွန်စွာ ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များနှင့် စာချသံဃာတော်များအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ သာသနာ့ဝန်ဆောင် မြို့ဥူးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာစာအောင်သံဃာတော်များနှင့်စာချသံဃာတော်များအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များနှင့်အတူ အခမ်းအနားကို နမောတဿ (၃) ကြိမ် ဘုရားကန်တော့ပူဇော်ခဲ့ကြကာ နိုင်ငံတော်သံဃမဟာနာယအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ သ.စ. အဓမ္မာစရိယ၊ အဂ္ဂမဟာအကျော် ဝိနယပါဋိပါရဂူ ခေမာသီဝံစာသင်တိုက် နာယက ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မေတ္တသုတ် ပရိတ်တရားနာယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက စာအောင်သံဃာတော်များအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် တိုင်းမှူး၏ ဇနီးတို့က စာအောင်သီလရှင်ဆရာလေးအားလည်းကောင်း စုစုပေါင်း (၁၃၆)ပါးသည့်အနက် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်တော်မူကြသည့် သံဃာ (၄)ပါးနှင့် ဆရာလေး (၂)ပါးတို့အား စာအောင်ဆုများကို ဆက်ကပ်ချီးမြှင့်တော်မူကြသည်။
ထို့နောက် အလှူရှင်များက အလှူငွေများကိုလည်းကောင်း၊ ကျောင်းတိုက်အလိုက်အောင်ချက်အကောင်းဆုံး ကျောင်းတိုက် (၃)ကျောင်းအတွက် ဆုတော်ငွေများကိုလည်းကောင်း အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ သြဝါဒကထာ တရားတော်များနာယူကြည်ညှိကာ ပူဇော်ပွဲမတည်အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေး အပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းလိုက်ကြသည်။
ယင်းနောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ဆက်လက်ကျင်းပခဲ့ကြရာ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဘုရားအမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ပင့်သံဃာတော်များ၊ စာချဆရာတော်များ၊ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေး စုစုပေါင်း (၁၅၅) ပါးတို့အား သက်မှတ်နေရာအသီးသီးမှ ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများ၊ စာပေပို့ချသင်ယူရာတွင် အထောက်အပံ့များဖြစ်စေရန် စာအုပ်၊ ဘောပင်၊ ခဲတံ၊ မင်ဖျက်ဆေးစသော အသုံးအဆောင်များကို လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။





