မြစ်ကြီးနား အောက်တိုဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်အတွင်းရှိ ဇေယျမင်္ဂလာကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ဆုတောင်းပြည့် တာဝတိံသာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကပူဇာမင်္ဂလာနှင့် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားများကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်အတွင်းရှိ တည်ထားပူဇော်တော်မူသည့် စေတီတော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို မြစ်ကြီးနားမြို့၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ကျောင်းထိုင်ဆရာတော်များ၊ ကျောင်းတိုက် အသီးသီးရှိ ပင့်သံဃာများ ကြွရောက်တော်မူကြပြီး နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်တော်မူကြကာ ဆရာတော်များထံမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူ ဆောက်တည်တော်မူကြသည်။
ဆက်လက်၍ ဆရာတော်များထံ ရတနာစိန်ဖူးတော်၊ ငှက်မျက်နားတော်အစရှိသော ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်လက်လှူဒါန်းကြပြီး စေတီတော်တည်ဆောက်ရာတွင် ဒါနပြုလှူဒါန်းပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြကာ ဆရာတော်များထံမှ အနုမောဒနာတရားနာယူ၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ရွှေထီးတော်၊ ငှက်မျက်နားတော်စသည့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ အား ပင့်ဆောင်ကြကာ စေတီတော်အား လက်ယာရစ်ပတ်ပူဇော်ခဲ့ကြသည်။ မင်္ဂလာရထားပျံဖြင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား တင်လှူပူဇော်ခြင်း၊ အရံစေတီများ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ရွှေထီးတော်မြတ်အား ပရိတ်နံ့သာရေ၊ ရေစင်ရေသန့်တို့ဖြင့် ပတ်ဖျန်းသန့်စင်သွန်းလောင်းပူဇော်ခဲ့ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များက စေတီတော်ကြီးနှင့် အရံစေတီတော်များအား ဗုဒ္ဓါဘိသေကအနေကဇာတင်ခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ယင်းနောက် ဘုရားအမှူးပြုသော ဆရာတော်သံဃာတော်များအား တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များက ဆွမ်း၊ ဆေးစသည့် လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး မှူး ဦးခင်မောင်လွင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားလေဆိပ်၌ ၂၀၂၅ ခုနှစ်၊ အတွက် နေပြည်တော်၌ ကျင်းပပြုလုပ်သော (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသော ကချင်ပြည်နယ်မှ ပြိုင်ပွဲဝင်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။



