မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၁၃
          အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ပြီး အထိမ်းအမှတ်နေ့ ပြိုင်ပွဲများနှင့် ပြည်နယ်အတွင်း တက်ကြွစွာပူးပေါင်းပါဝင်ကူညီခဲ့သော အဖွဲ့အစည်းများ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကြသည်။
    အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Message ကို ဖွင့်လှစ်ပြသကာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာ ထက်၊ လယ်၊ မူအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ကြသည်။
          ထို့နောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအား ဖွင့်လှစ်ပြသခဲ့ကြပြီး ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာကူညီဆောင်ရွက်ပေးသည့် ပြည်တွင်းအဖွဲ့အစည်းများအား အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။
         ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုကူညီရေးအဖွဲ့အစည်းများ၊ ကျောင်းသား/ ကျောင်းသူများက ခန်းမအတွင်း ဖွင့်လှစ်ပြသထားသည့် အထိမ်းအမှတ်နေ့ ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။