မြစ်ကြီးနား အောက်တိုဘာ ၁၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ရေကျချိန် ခြောက်သွေ့ကာလ၌ အများပြည်သူအပန်းဖြေအနားယူနိုင်ရေးအတွက် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်ဆိပ်ကမ်းမှ စီတာပူရပ်ကွက် ဧရာဝတီရှုခင်းသာအပန်း ဖြေစခန်းနေရာအထိ ဧရာဝတီမြစ်ကမ်းဘေး ကမ်းနားတစ်လျှောက်ရှိ မြေဧက ၉ ဧက သဲသောင်ခုံနေရာတွင် ညနေခင်းစျေးဖွင့်လှစ်နိုင်ရေး လျာထားသတ်မှတ်ထားသည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင်သည် စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမိုး၊ မြို့နယ်အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး၊ တာဝန်ရှိသူများနှင့် ကမ်းနားလမ်းမှတစ်ဆင့် လျာထားမြေနေရာအား ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
အဆိုပါ နေရာ၌ အများပြည်သူ အပန်းဖြေနိုင်ရေး အဓိကဆောင်ရွက်ထားခြင်းဖြစ်သည့်အတွက် မြန်မာ့ရိုးရာအစားအစာများ၊ ကချင်နှင့် ရှမ်းတိုင်းရင်းသားရိုးရာအစားအစာများကို အဓိကထားရောင်းချနိုင်ရေးအပြင် ကလေးကစား ကွင်း ဧရိယာပါသတ်မှတ်လျာထားမှုတို့အပေါ် ပြည်နယ်ဝန်ကြီးက ကွင်းဆင်းခဲ့ပြီး ထိုမြေနေရာအား စနစ်တကျတိုင်းတာတွက်ချက်တင်ပြနိုင် ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးသည် သီတာရပ်ကွက်အတွင်း လမ်းသွယ်အား လမ်းတိုးချဲ့ခင်းကျင်းနိုင်ရေးကိုလည်းကောင်း၊ မြစ်ကြီးနားမြို့ ဈေးကြီးလမ်းတစ်လျှောက် ယုဇနရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်တို့အတွင်း မိုးများ၍ ရေနှုတ်မြောင်းများ ပိတ်စို့မှုကြောင့် ရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများတွင် ရေနှုတ်မြောင်းများ စနစ်တကျတူးဖော်ရှင်းလင်းနိုင်ရေး၊ လမ်းဘေး ဝဲ/ယာ ရေနှုတ်မြောင်းများပေါ်တွင် ဆောက်လုပ်ထားသော ကျုးကျော်ဆိုင်ခန်းများ ရှင်းလင်းဖယ်ရှားပြီး ရေနှုတ်မြောင်းတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက် သွားမည့်အစီအစဉ်များကိုလည်းကောင်း၊ ပြည်ထောင်စုလမ်းမနှင့် မင်္ဂလာလမ်းဆုံနေရာရှိ တြိဂံအဝိုင်းနေရာ၌ မီးတိုင်စိုက်ထူထားရှိမှုနှင့် မြေယာရှုခင်း (land scaping) ပြုပြင်၍ အလှပန်းပင်များ စိုက်ပျိုးနိုင်ရေးအတွက်လည်းကောင်း၊ ထိုမှတစ်ဆင့်ပြည်ထောင်စုလမ်းနှင့် ဆွမ်ပရာဘွမ်လမ်းဆုံနေရာ ဗိုလ်ချုပ်ပန်းခြံဘေး တြိဂံနေရာအား လမ်းလယ်ကျွန်းပန်းခြံအဖြစ် ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ မင်းရပ်ပြည်သူ့အားကစားကွင်းနှင့် ဧရာဦးပန်းခြံတို့အတွင်း သီတင်းကျွတ်ပွဲတော်ကာလ သန့်ရှင်းသပ်ရပ်သာယာလှပမှုရှိစေရေးနှင့် မီးအလှဆင်နိုင်ရေးတိုအတွက်လည်းကောင်း၊ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကိုဌာန ဆိုင်ရာနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။





