အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြစ်ကြီးနားမြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ

မြစ်ကြီးနား      နိုဝင်ဘာလ ၂၇

        ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းညှိနှိုင်းကြီးကြပ်မှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)၏ ကူညီပံ့ပိုးမှုတို့ဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ၊ Palm Spring Resort ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက် အမှာစကားပြောကြားပါသည်။

        အဆိုပါ သိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)မှ အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ၊  ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ကြပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့မြန်မာ့ရိုးရာသင်တန်းဖွင့်ပွဲဟာ သာမန်သင်တန်းဖွင့်ပွဲ အခမ်းအနားမဟုတ်ဘဲ မြန်မာယဉ်ကျေးမှုအမွေအနှစ်ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခြင်း၊ လုံခြုံရေးနှင့်စည်းကမ်းသေဝပ်မှုကို ပိုမိုတိုးမြှင့်စေခြင်း၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခြင်းအစရှိတဲ့ အကျိုးကျေးဇူးများလှတဲ့ သင်တန်းဖြစ်ပါကြောင်း၊ ဒီသင်တန်းကတစ်ဆင့် မြန်မာတို့ရဲ့ ကြံ့ခိုင်သန်းစွမ်းမှု၊ ရဲစွမ်းသတ္တိနဲ့ ရိုးရာယဉ်ကျေးမှု နက်ရှိုင်းစွာ အမြစ်တွယ်ပတ်သက်နေတယ်ဆိုတာကို ပြန်လည်အမှတ်ရစေမှာလည်း ဖြစ်ပါကြောင်း၊ ဒီလိုရိုးရာယဉ်ကျေးမှုများကို မျက်မှောက်ခေတ်မှာ ပြန်လည်ဖော်ထုတ် အသုံးချခြင်းကြောင့်လည်း အချင်းချင်းအပြန် အလှန်လေးစားမှုရှိသော  လူ့တန်ဖိုးများအပြင်  မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊ စည်းကမ်းသေဝပ်မှုများအပြင် မိမိတို့ရဲ့ အနာဂတ် လူငယ်များ နှင့် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းနိုင်မှာလည်းဖြစ်ပါကြောင်း၊ မြစ်ကြီးနားမြို့ ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများမှ လုံခြုံရေးဝန်ထမ်းများအတွက် မြန်မာ့ရိုးရာသိုင်းသင်တန်း ဖွင့်လှစ်ပေးနိုင်ခြင်းဟာ အချိန်အခါကိုက်ညီမှုရှိပြီး  မရှိမဖြစ်လိုအပ်တဲ့ သင်တန်းတစ်ခုလို့ ဆိုရမှာလည်းဖြစ်ပါ‌ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအနေနဲ့ ဝန်ဆောင်မှုအဆင့်အတန်း၊ အဆင့်မြှင့်အသုံးအဆောင် များ၊ ဖော်ရွေပျူငှာမှုတို့အပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ လုံခြုံရေးအစီအမံများကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့  သတ်မှတ်ထားရမှာဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာသိုင်းသင်တန်းကို တက်ရောက်ကြမယ့် လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုအပြင် အသင့်ဖြစ်မှု၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှု၊ စိတ်ရှည်သည်းခံမှု၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှုအစရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို အလေးထားထိန်းသိမ်းစောင့် ရှောက်ပေးလျက်ရှိပြီး ယခုကဲ့သို့ မြန်မာ့ရိုးရာသိုင်းပညာကို ထိန်းသိမ်းစောင့်ရှောက်ပြီး လုံခြုံရေးကဏ္ဍမှာ လက်တွေ့အသုံးချခြင်းဖြင့် နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာတိုးတက်ဖို့ အထောက်အကူပြုနိုင်မှာလည်းဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်နိုင်ရေး ပူးပေါင်းပါဝင်ကူညီ‌ဆောင်ရွက်သူများ အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုဟာ အစိုးရ၊ ပုဂ္ဂလိကနဲ့ လူမှုအဖွဲ့အစည်းများရဲ့ လက်တွဲညီညွှတ်မှုကို ပြသနိုင်မှာလည်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကချင်ပြည်နယ် မြန်မာ့သိုင်းဆပ်ကော်မတီမှ သိုင်းကစားကွက်များကို သရုပ်ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နည်းပြဆရာများကို အမှတ်တရလက်ဆောင်များပေးအပ်ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ တက်ရောက်လာကြသူများ၊ သင်တန်းသားများနှင့်စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းများ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်အပါး (၃၀) ၊ ဝန်ထမ်းသစ္စာဓိဌာန် (၆)ချက်နှင့်အညီ ကျင့်ကြံနေထိုင်ရေး ၊ လူ ၊ ပစ္စည်း ၊ စာရွက်စာတမ်း လုံခြုံရေးတို့ကို အထူးဂရုပြု၍ ရုံးလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စီမံဆောင်ရွက်ရေး၊ ပြည်သူလူထုနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် ကောင်းမွန်စွာ ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်မှုရရှိအောင် ဆောင်ရွက်ရေးတို့အပြင် နိုင်ငံတော်မှ ချမှတ်ထားရှိသော မူဝါဒ၊ လုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဌာန၏လုပ်ငန်းတာဝန်ဝတ္တရားများကို ကျရာအခန်းကဏ္ဍမှ တက်ညီလက်ညီ ဆက်လက်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။