မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ နယ်မြေလုံခြုံရေးအရ ပြည်နယ်ရုံးများတွင် လာရောက်တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးအောက်ရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တက် ရောက်အားပေးချီးမြှင့်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ယာယီတိမ်းရှောင်ပြည်သူများအတွက် ချီးမြှင့်ပေးအပ်ခဲ့သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ချီးမြှင့်ငွေများကို ယနေ့ဝန်ထမ်းတစ်ဦးချင်းစီ၏ လက်ဝယ်အရောက်ပေးအပ်ခြင်းဖြစ်ပါကြောင်း အားပေးပြောကြားကာ ယာယီတိမ်းရှောင်ပြည်သူများအတွက် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လက်ခံရရှိခဲ့သည့် ချီးမြှင့်ငွေကျပ် ၁၇၁၄ ဒဿမ ၂၂၀ သန်းကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းထံလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စီးပွား ရေးရာဝန်ကြီးဌာနအောက်ရှိဝန်ထမ်းများအတွက်လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဝန်ကြီးဌာနကြီး ကြပ်ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများအတွက် တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်း ရှိ အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း RCC (၂)ထပ် စာသင်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းဆောင်သစ် (ချယ်ရီဆောင်) အား သီတာနှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးဇုန်းကျန်းက ဆုတောင်းဆက်ကပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ယင်းနောက် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား/ ကျောင်းသူလေးများက “မင်္ဂလာပါ” တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကျောင်းပေါင်း ၁၆၁ ကျောင်းအတွက် ငွေကျပ် ၆၃၆၆ ဒဿမ ၁၇၂ သန်းကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျောင်းပေါင်း ၁၂၇ ကျောင်းအတွက် ငွေကျပ် ၁၁၂၇၁ ဒဿမ ၄၂၃ သန်းကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း ကျောင်းပေါင်း ၁၃၈ ကျောင်းအတွက် ကျပ် ၁၆၀၇၃ ဒဿမ ၁၆၁ သန်းကို လည်းကောင်း ရန်ပုံငွေများ ခွဲဝေချထားပေးခဲ့ပါကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်သည် ယခင်က ပျဉ်ထောင်၊ ပျဉ်ခင်း အန္တရာယ်ရှိကျောင်းဆောင်ကို ဖျက်သိမ်းပြီး ရန်ပုံငွေကျပ် ၃၂၉ ဒဿမ ၂၂ သန်းဖြင့် တည်ဆောက်ပေး ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် များဖြစ်သော ကျောင်းသား/ကျောင်းသူများ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တ ကောင်းမွန်သည့် လူကောင်း၊ လူတော်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း ပြောကြား သည်။ထို့နောက် ကျောင်းအုပ်ကြီး ဦးကျော်ခိုင်မင်းက ကျောင်းဆောင်သစ်ရရှိခဲ့သည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး မူလတန်းကျောင်းသား/ ကျောင်းသူလေးများ၏ တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအတွက် ငွေကျပ် (၅)သိန်းကို ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)နှင့် ဘာသာပေါင်းစုံမှ အသင်းအဖွဲ့များ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ပြီး သွေးလှူဘဏ်ဌာနအတွင်း စေတနာ့သွေး သန့်သွေးလှူရှင်များအား ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် စုပေါင်းသွေးလှူဒါန်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ နှင့် လက်ဆောင်ပစ္စည်းများကို လည်းကောင်း၊ သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)နှင့် အသင်းအဖွဲ့ များနှင့် ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် ၂၅ သိန်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းနှင့် ဆမားလမ်းဆုံနေရာ၌ ဖုန်းကြိုးလိုင်းများသွယ်တန်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကြိုးများသွယ်တန်းထားရှိမှုအပေါ် သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ တပ်ဆင်သွယ်တန်းနိုင်ရေးနှင့် သခင်နက်ဖေလမ်း တစ်လျှောက်ရှိ လျှပ်စစ်မီးကြိုးများနှင့် ဖုန်းကြိုးလိုင်းများပေါ်တွင် ထိစပ်နေသော သစ်ပင်/သစ်ကိုင်းများအား မိုးရာသီမရောက်မီ အန္တရာယ်ကင်းရှင်းအောင် ခုတ်ထွင်ရှင်းလင်းနိုင်ရေးနှင့် သခင်နက်ဖေလမ်းတစ်လျှောက် ရုံးကြီးလမ်းအထိ သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေးဝဲ/ယာ ရေဝပ်မှုဖြစ်ပေါ်သည့်မြေနိမ့်နေရာများတွင် မြေဖို့ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဘောလုံးကွင်းအတွင်း ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်နှင့် ယူနန်ဘုံကျောင်းတရုတ်လူငယ်အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အမျိုးသားအလွတ်တန်းဘောလုံးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် Kachin Youth နှင့် ဒူဒူရှရော်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဒူးဒူရှရော်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးဆုရရှိသူများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများ၊ ဂိုးသွင်းအများဆုံး ဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ထို့နောက် တရုတ်လူငယ်အဖွဲ့ခေါင်းဆောင် ဦးလဖိုင်ဆိုင်းနော် (ခ)ရှောက်ဝေက ဒုတိယဆုရရှိသော ပြိုင်ပွဲဝင် ဘောလုံးအသင်းအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသော ဒူးဒူရှရှော်အသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့အား ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။





