ပူတာအို အောက်တိုဘာ ၇
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး ပူတာအိုမြို့သို့ရောက်ရှိနေသာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက ဇီးအွန်ကျေးရွာ ပလနကွင်းသို့သွားရောက်ပြီး ဆောင်းသီးထပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇီးအွန်ကျေးရွာအုပ်စု၊ ပလနကွင်းအတွင်း ဧရိယာအားဖြင့် ၇၂၀ ရှိသည့်အနက် မိုးစပါးစိုက်ဧက ၁၈၀ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် အဆိုပါ မိုးစပါးစိုက်လယ်များ အား ဆောင်းသီးထပ် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လုံးစွတ်ရပ်ကွက်အတွင်း မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူနေရာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် စီးပွားဖြစ်မွေးမြူနိုင်ခဲ့သည့် ပိုင်ရှင် ဒေါ်ဖုန်ဇီးခေါ်ရမ်၏ ငါးကန် (၃)ကန်၌ တီလားပီးယား၊ ငါးနီ၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီးစသည့် ငါးမျိုးများ စိုက်ထည့်မွေးမြူထားရှိမှု အခြေအနေများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ငါးကန်တိုးချဲ့တူးဖော်ပေးနိုင်ရေးနှင့် ငါးသားပေါက်၊ ငါးစာရရှိရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အသေးစားရေသန့်စက်ဖြင့် ရေသန့်ထုတ်လုပ်ရောင်းချမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ကြပြီး ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအပေါ် ချေးငွေးများထုတ်ချေးဆောင်ရွက်ပေးခဲ့မှုနှင့် ထပ်တိုးတင်ပြတောင်းခံလာသော လုပ်ငန်းများကို ခရိုင်စီမံခန့်ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများအကြား ပေါင်းစပ်ဆောင်ရွက်ဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သမဝါယမအစုအဖွဲ့ဖြင့် မာမဲ့ရှီးဒီကျေးရွာအတွင်း ဒေသဝက်ကောင်ရေ ၁၉၆ ကောင် မွေးမြူရန်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀၀ကိုလည်းကောင်း၊ အောက်ဆန်ဂေါင်ကျေးရွာ၏ ဆည်နှင့် ကမ်းထိန်းလုပ်ငန်း ပြုပြင်ရေးကော်မတီအတွက် ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ပျိုးမှုအား အတူတကွကြိုးစားဆောင်ရွက်ကြရေး မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ မတ်ပန်ကွင်းအတွင်း မိုးစပါးစိုက် စံပြစိုက်ကွင်းအတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စားသုံးဆီဖူလုံမှုတိုးတက်လာစေရေး ဆောင်းသီးထပ် ဆီမုန်ညှင်းမျိုးစေ့များ ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ် စိုက်ခင်း၊ မျိုးကွဲပယ်ခြင်း သရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြရာ ဒေသခံရဝမ်၊ လီဆူ၊ တိုင်းခမ်းတီ စသည့် တိုင်းရင်းသားများက ရိုးရာအကဖြင့် ကြိုဆိုကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင် ဝမ်းစားဖူလုံမှုတိုးတက်လာစေရေး ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မျိုးစပါးဆင်းဧကရီ-၃ တင်း (၅၀၀၀)ကို အခမဲ့ဖြန်ဖြူးပေးခဲ့ပြီး ဧကပေါင်း ၃၇၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့သည့် အတွက် ခန့်မှန်းအထွက်နှုန်းအရ ယခုနှစ်တွင် ၁၀၄ ဒဿမ ၆၁ ရာခိုင်နှုန်းဖူလုံလာမည်ဟု ခန့်မှန်းထားရှိပါကြောင်း၊ ယခုအခါ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက်ကိုလည်း ပူတာအိုဒေသ စားသုံးဆီဖူလုံဖို့ ဝိုင်းဝန်းကြိုးစားစို့ လှုံဆော်စာပါအတိုင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆီမုန်ညှင်းမျိုးစေ့ (၅၆၅)တင်း အခမဲ့ဖြန့်ဖြူးပေးခဲ့သဖြင့် ဆီဖူလုံ မှု ၄၉ ဒဿမ ၆၅ ရာခိုင်နှုန်းဖူလုံခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း စိုက်ဧက ၇၅၀၀ ကျော် စိုက်ပျိုး ရန် လျာထားလျက်ရှိပြီး မျိုးစေ့တင်း ၅၀၀ ကိုလည်း မြို့နယ်အလိုက် အခမဲ့ဖြန့်ဖြူးပေးထားပြီး ဖြစ်ပါသည့်အတွက် အားလုံးက တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားစေရေး ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်အတွင်း ဆီမုန်ညှင်းတိုးချဲ့စိုက်ပျိုးကြမည့် ရပ်ကွက်/ ကျေးရွာ ၁၆ ခုမှ ဧကပေါင်း ၁၆၉၆ ကျော်အတွက် ဆီမုန်ညှင်းမျိုးစေ့များကို တောင်သူများထံ အခမဲ့ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် မျိုးစေ့ထုတ်မိုးစပါးစိုက်ခင်းတွင်း မျိုးကွဲပယ်ခြင်း တောင်သူသအသိပညာပေး ကွင်းသရုပ်ပြသခြင်းအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် လုံးစွတ်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ပူတာအိုမြို့၏ တစ်ခုတည်းသော “ဆန်း” စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ၁၈ တန်ကျ အဆင့်မြှင့်ဆန်စက် လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေ့စဉ်ဆန်စက်လည်ပတ်နိုင်မှုနှင့် လိုအပ်သည်များကို မေးမြန်းဆွေးနွေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။










