မြစ်ကြီးနား အောက်တိုဘာ ၈
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ် လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်လွှတ်တော်ကိုယ်များက ပြည်သူ့အကျိုးပြု လူမှုရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၃)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆိုင်ရာ မေးခွန်း(၄)ခု၊ စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၃)ခုတို့ဖြင့် စုစုပေါင်း ကြယ်ပွင့်ပြ မေးခွန်း ၁၀ ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက မေးခွန်းများ အား ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီက “ကချင်ပြည်နယ်ခရီးသွားလုပ်ငန်းဥပဒေကြမ်း”အား ပြည်နယ်လွှတ်တော်သို့ တင်သွင်းပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေးကာလအတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ ကိုယ်စားလှယ် များအနေဖြင့် မေးမြန်းသည့်မေးခွန်းများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အများစုဖြစ် သည်ကို တွေ့ရှိရပါကြောင်း၊ နောင်တွင် ဒေသဆိုင်ရာနှင့်တစ်နိုင်ငံလုံးဆိုင်ရာပြည်သူများအတွက် အမှန်တကယ်လိုလားတောင့်တသည့် လိုအင်ဆန္ဒများကို ပုံဖော်ပေးနိုင်မည့် မေးခွန်းမျိုး၊ အဆိုမျိုး ကိုလည်း ထပ်ဆောင်းပါဝင်နိုင်အောင် ဆောင်ရွက်ပေးကြရေး တိုက်တွန်းလိုပါကြောင်း၊ လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက် ပိုမိုခိုင်မာလာအောင် ဆောင်ရွက်ကြရန်နှင့် လွှတ်တော် လုပ်ငန်းပိုမိုအားကောင်းလာလေ ဒီမိုကရေစီစနစ်သည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ထူးခြားအောင်မြင်အောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်ထားတိုက်တွန်း လိုပါကြောင်းဖြင့် နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ယင်းနောက် စတုတ္ထပုံမှန် အစည်းအဝေ ဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသည်။
ကချင်ပြည်နယ်လွှတ်တော် အနေဖြင့် စတုတ္ထပုံမှန်အစည်းအဝေး ကာလအတွင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာပြုခြင်း၊ ၂၀၂၇-၂၀၂၈ ခု၊ ဘဏ္ဍာရေး နှစ် ကချင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်ကို ဆွေးနွေးအတည်ပြုခြင်း နှင့် လော်ဝေါ်နှင့် လီဆူ တိုင်းရင်းသားလူမျိုးများ၏ အမည်မှန်(စာလုံးပေါင်းအမှန်) သတ်မှတ်နိုင် ရေးကို သဘောတူညီချက်ရယူနိုင်ခဲ့ခြင်း၊ ကြယ်ပွင့်ပြမေးခွန်း ၅၁ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၃၂ ခု မေးမြန်းနိုင်ခဲ့ကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆို ၂ ခု၊ ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်း ကြောင်း အဆို ၁ ခု စုစုပေါင်းအဆို ၃ ခုရှိသည့်အနက် အဆို ၂ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆို ၁ ခုကို အတည်ပြုနိုင်ခဲ့ကြောင်းနှင့် ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
