မြစ်ကြီးနား ဧပြီ ၂၀
ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်လှုပ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် Shingni Nbat (ရှိန်နီအင်ဘက်) အနုပညာပိုးသဘက် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်လုပ်ငန်းရှင်များအသင်းနှင့် ကချင်အနုပညာရှင်အမျိုးသမီး အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဧပြီ ၁၉ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ချစ်ကြည်ရေးဘောလုံးပွဲကို မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့်အရေးပေါ်လိုအပ်ချက်များအတွက်ကူညီထောက်ပံ့ပေးနိုင်ရန် ရန်ပုံငွေရရှိရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ငလျင်ဘေးသင့်ပြည်သူများထံ အကူအညီများ အမြန်ဆုံးရောက်ရှိစေရေး ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် ယနေ့ပွဲမှရရှိသည့် အလှူငွေများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် များတွင် ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Shingni Nbat (ရှိန်နီအင်ဘက်) အနုပညာပိုးသဘက် လူမှုကူညီရေးအသင်းမှ တည်ထောင်သူ ဒေါ်လဖိုင်နန်ပရီက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကချင်အနုပညာရှင်များအသင်းမှ ဒေသခံအဆိုတော်များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ Malikha Music Band နှင့် တေးသီချင်းသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဘောလုံးပြိုင်ပွဲအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံဘောလုံးချစ်ပရိတ်သတ်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် ရန်ပုံငွေအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း (၅၀)မတည်လှူဒါန်းမှုဖြင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်သူ/ ရပ်ကွက်သားများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီ/ အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီတို့က အလှူငွေများလာရောက်ထည့်ဝင်လှူဒါန်းခဲ့ကြသဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် စုစုပေါင်း ရန်ပုံငွေကျပ်သိန်း ၁၀၀၀ ကျော်ရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် မွန်းလွဲပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် မြစ်ရေစီးကြောင်း ဖြောင့်တန်းစွာစီးဆင်းနိုင်ရေးအတွက် သဲသောင်တူးဖော် ရှင်းလင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ဗလမင်းထင်အောက်ဘက်၌ ၂၀၂၄ ခုနှစ် မြစ်ရေစံချိန်တင် ကြီးမြှင့်မှုကြောင့် မူလရှိသည့် သောင်ခုံထက် ပိုမိုကျယ်ပြန့်စွာ ဖြစ်ထွန်းလာခဲ့မှုအပေါ် သဲသောင်ခုံ ရှင်းလင်းခြင်းလုပ်ငန်းခွင်၌ တူးဖော်ရှင်းလင်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများအပေါ် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆောင် ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သဲကျောက်သယ်ကားများ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် သဲကျောက်တူးဖော်လျက်ရှိသည့်လုပ်ငန်းခွင်အတွင်း စက်ယန္တရားကြီးများ၊ မြေသယ်ယာဉ်များဖြင့် တူးဖော်ရှင်းလင်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သဲသောင်တူးဖော်ခြင်းလုပ်ငန်းအား မြစ်ရေအတက်/အကျအခြေအနေအရ မူလလျာထားသည့် အလျား ၆၀၀၀ ပေအစား ၅၉၀၀ ပေအထိသာ တူးဖော်လျက်ရှိရာ အကျယ် ၂၄၀ တူးဖော်ရန်ရှိသည့်အနက် ၁၆၅ ပေသာ တူးဖော်ဆောင်ရွက်နိုင်သေးသဖြင့် ထပ်မံ၍ ၇၅ ပေတိုးချဲ့တူးဖော်နိုင်ရေး စီစဉ်ဆောင် ရွက်ပေးခဲ့ကာ ဗလမင်းထင်အမှတ် (၂)တံတား ရေလယ်တိုင်များ တည်ဆောက်နေမှု အခြေအနေများ နှင့် ဗလမင်းထင်အမှတ် (၁)တံတား ရေလယ်တိုင်အောက်ခြေများအား မြစ်ရေတိုက်စားမှုမှ ကာကွယ် နိုင်ရေး တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁)မှ ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


