မြစ်ကြီးနား အောက်တိုဘာ ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဝိုင်းမော်ပင်မ ဓာတ်အားခွဲရုံနှင့် မဟာဓာတ်အားလိုင်းမှူးရုံးရှိ ဝန်ထမ်းများနှင့် ယနေ့ မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ အဆိုပါဓာတ်အားခွဲရုံရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေး ထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်က ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ အလေး ထားလုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးကိုဂရုပြု၍ နေထိုင်ကြရမည်ဖြစ်ပါကြောင်း မိမိတို့အနေဖြင့် ယနေ့ဝန်ထမ်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး အလျဉ်းသင့်သလို ထောက်ပံ့ပေးလျက်ရှိရာပါကြောင်း၊ ထို့ပြင် ဝိုင်းမော်မြို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းပါက ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်နိုင်သည့်အတွက် မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝန်ထမ်းများအနေဖြင့် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားပြီး ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ဝိုင်းမော် ပင်မဓာတ်အားခွဲရုံနှင့် မဟာဓာတ်အားလိုင်းမှူးရုံးများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၄၅) ဦးအတွက် ဆန် (၄၅) အိတ်၊ ကြက်ဥ (၄၅) ကဒ်နှင့် ဆီ(၄၅)ပိဿာတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
