ပူတာအိုမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်း အနား၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးနှင့် လန်းတောင်ကျေးရွာ မိုးစပါးစိုက်ဧက ၅၀၀ ကျော်အတွက် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ထောက်ပံ့

မြစ်ကြီးနား အောက်တိုဘာ ၅
           ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။
          အဆိုပါ အခမ်းအနားကို အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများက မြတ်ဆရာ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားသည်။
          ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များထံမှ ပေးပို့လာသော စုပေါင်းသဝဏ်လွှာအား ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ထူးချွန်ဆုရ ဆရာမတစ်ဦးနှင့် ခေါင်လန်ဖူးမြို့မှ ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ်သို့ ပြောင်းသွားသည့် ဆရာတစ်ဦးအား ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးနှင့် ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ပညာရေးမှူးတို့က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီ စာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ/ ကျောင်းသားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ အခမ်းအနားကို ကျောင်းသား/ ကျောင်းသူလေးများက အနန္တငါးဖြာ တေး သီချင်းဂုဏ်ပြုသီဆို၍ ရပ်နားလိုက်သည်။
          ထို့နောက် အဆိုပါ ခန်းမ၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်များနှင့် Grade-12 ကျောင်းသား/ ကျောင်းသူများနှင့် ဆွေးနွေးပွဲဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ပညာရေးမှူးက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့မှုအပေါ် ပူတာအိုခရိုင်၏ အောင်ချက်အခြေအနေများ၊ လာမည့် ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း တက်ရောက်နေမှုနှင့် ခရိုင်အောင်ချက်မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
          ထို့နောက် အခြေခံပညာကျောင်းအုပ်များနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်တို့က အောင်ချက်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ပညာရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အနေဖြင့် ၂၀၂၆ ခုနှစ်က အောင်ချက်ရာခိုင်နှုန်းကို ကြည့်လျှင် ပူတာအိုမြို့နယ်သည် ၄၃ ရာခိုင်နှုန်း၊ မချမ်းဘောမြို့နယ်သည် ၄၁ ရာခိုင်နှုန်းနှင့် နောင်မွန်မြို့နယ်သည် ၂၆ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင်  Grade-12 ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း ၁၁၃၆ ဦးရှိနေပြီး ခရိုင်၏ အောင်ချက်မြင့်မားရေး မြို့နယ်အလိုက် စခန်းသွင်းလေ့ကျင့်သင်ကြားခြင်းများအတွက် ငွေကျပ်သိန်း ၁၀၀ ကို မတည်ပံ့ပိုးပေးထားပါကြောင်း၊ သို့ဖြစ်ပါ၍ ခရိုင်များ၏ အောင်ချက်ရာခိုင်နှုန်း တိုးတက်မှသာ ပြည်နယ်၏ အောင်ချက်ရာနှုန်းလဲ တိုးတက်လာမည်ဖြစ်သည့်အတွက် မိမိတို့အားလုံးက ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားပြီး အကသင်ဆရာမအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကာ ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် လန်းတောင်ကျေးရွာအုပ်စု၊ လန်းတောင်ကျေးရွာသို့ သွားရောက်ပြီး လန်းတောင်ကျေးအတွင်း ဒေသခံတောင်သူများ၏ မိုးစပါးစိုက်လယ်များတွင် လယ်သီးထပ် ဆောင်းသီးနှံအဖြစ် ဆီမုန်းညှင်းစိုက်ပျိုးနိုင်ရေး လျာထားသည့် ဧက ၄၀ အား ခြံဝင်းကာရံပေး နိုင်ရေး ဌာနဆိုင်ရာများ၊ ကျေးရွာတောင်သူများနှင့် ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် လန်းတောင်-၂ ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ကျင်းပသည့် ဒေသခံတောင်သူများအား ဆောင်းသီးနှံ ဆီမုန်ညှင်းမျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ ဒေသခံလီဆူတိုင်းရင်း သားများနှင့် တိုင်းခမ်းတီရှမ်းမျိုးနွယ်စုများက ရိုးရာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြကာ အကအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကျောင်းခန်းမ၌ တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ ဝမ်းစာဖူလုံမှုအနေဖြင့် ယခုနှစ်တွင် (၁၀၄ ဒဿမ ၆၁) ရာခိုင်နှုန်းထိ ဖူလုံလာမည်ဖြစ်ပြီး စားသုံးဆီဖူလုံမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် စာရင်းများအရ ၄၉ ရာနှုန်းကျော်သာရှိသည့်အတွက် အားလုံးက ကြိုးစားစိုက်ပျိုးပေးကြစေလိုကြောင်း၊ ယနေ့ လန်းတောင်ရွာအတွက် ဆီမုန်ညှင်းစိုက်ဧက ယခင်နှစ်တွင် ဧက ၃၆၀ ကျော်ရှိရာမှ ယခုနှစ် တိုးချက်စိုက်ပျိုးမည့် ဧရိယာ ၁၅၀ ကျော်အတွက် မျိုးစေ့များကို အခမဲ့ပေးအပ်သွားမည်ဖြစ်သည့်အပြင် ခြံဝင်းကာရံပေးနိုင်ရေးအတွက်ကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ သီးထပ်စိုက်ပျိုးမှုသည် တောင်သူအကျိုးဖြစ်ထွန်းစေပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် မိမိတို့အားလုံးက ပေါင်းစပ်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအတွက် ဆီမုန်ညှင်းမျိုးစေ့ (၁၉)တင်းနှင့် ခြံဝင်းကာရံနိုင်ရေးအတွက် ငွေကျပ်သိန်း ၅၀ ကို လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းစိုးက ဆီမုန်ညှင်းစိုက်ပျိုးမည့် တေင်သူများအတွက် ရွက်ဖျန်းမြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျေးရွာတာဝန်ခံက ကျေးဇူးတင်ကြောင်းနှင့် စိုက်ပျိုးရေးအတွက် လိုအပ်ချက်များ၊ ကျေးရွာချင်းဆက်လမ်း ရရှိရေး နှင့် ကျောင်းဆောင်ရရှိရေးတို့အတွက် တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ရှင်းဆောင်ရွက်ပေးခဲ့သည်။
          ယင်းနောက် အလယ်တန်းကျောင်းခွဲအတွင်း နှစ်ထပ် စာသင်ဆောင်သစ်မရရှိသေးသည့် အပေါ် ကျေးရွာကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ပေးထားသော စာသင်ဆောင်များအတွင်း ကျောင်းသားများအား သင်ကြားပေးနေမှု အခြေအနေများကို ကျောင်းအုပ်၊ ကျေးရွာတာဝန်ရှိသူ များနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်သစ်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာန သို့ တင်ပြပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။