ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲက မဲပေးစက်များ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုများ၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက် အဦသစ်တည်ဆောက်နေမှုနှင့် ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  နိုဝင်ဘာ ၂၁

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်များ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများ၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ် တည်ဆောက်နေမှုများနှင့် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ရေလျှံတာကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန်ခိန်ရပ်ကွက်အတွင်း၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ကော်မရှင်အရာရှိနှင့် ဝန်ထမ်းများ၏ ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မြန်မာအီလက်ထရောနစ် မဲပေးစက်များအား စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် အဆိုပါရပ်ကွက်အတွင်းရှိ ကွင်းအမှတ်- ၄ / ယောရင်ကွင်း၊ ဦးပိုင်အမှတ် ၃၅ /၂င ၊ ၃၅ /၂ စ ၌ ကချင်ပြည်နယ်တရားလွှတ်တော်ရုံးသစ် အလျား ၂၀၆ ပေ၊ အနံ ၁၅၃ ပေရှိ သံကူကွန်ကရစ် (၄) ထပ် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရား သူကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြေသားပြုပြင်ခြင်းလုပ်ငန်းနှင့် အောက်ခြေဖောင်ဒေးရှင်း ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ခြံစည်းရိုးအုတ်ကာရံခြင်းနှင့် Ground Tank တည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကာ ရှင်းလင်းဆောင်၌ တင်ဒါအောင်မြင်သည့် ကုမ္ပဏီတာဝန်ရှိသူက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြင့်မှ ကာကွယ်နိုင်ရေးအတွက် ဗလမင်းထင်တံတားအထက်ဘက် ကမ်းထိန်းလုပ်ငန်းများဖြစ် သည့် မန်ခိန်ရပ်ကွက်အတွင်း ဧရာဝတီမြစ် ကမ်းပါး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံအလျား (၆၃၅)ပေ တည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်းနေရာသို့ သွားရောက်ပြီး မြို့၏ အမြင့်ဆုံးမြစ်ရေမြင့်တက်ခဲ့သည့် ၁၄၀၀ စင်တီမီတာအထက် ၁၄၅၀ စင်တီမီတာထိ ကာကွယ်နိုင်ရေး တည်ဆောက်ထားသည့် ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ဆက်လက်၍ ရှင်းလင်းဆောင်၌ ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီတာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုကိုလည်းကောင်း၊ ပြည်နယ်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြစ်ရေကြီးမြင့်မှုမှ ကာကွယ်ရေးအတွက် အပိုင်းလိုက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မြို့မြစ်ရေကြီးမြင့်မှုမှကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများအပေါ် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေးပြည့်မီစွာ တည် ဆောက်ပြီးစီးရေးနှင့် ဘဏ္ဍာနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများကိုလည်း စနစ်တကျစိစစ်တွက်ချက်၍ တင်ပြဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် အဆိုပါ ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံနှင့်တစ်ဆက်တစ်စပ်တည်း တည်ဆောက်လျက်ရှိသော အလျား (၆၃၀)ပေ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဆက်လက်သွားရောက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ သတ်မှတ်ချိန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလျှံတားအုတ်ရိုးစီနံရံ၊ ရေလျှံတာကျောက်စီမြေထိန်းနံရံနှင့် တမံ၊ ရေထိန်းတံခါးများကို ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများကို အပိုင်း(၅)ပိုင်းခွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ယခုနှစ် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဗလမင်းထင်တံတားအထက်ဘက်၌ ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံအလျားပေ (၁၂၆၅)ပေ တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး အင်ဂျန်းခချောင်းရေထိန်းတံခါးနှင့် ရေကြည်ချောင်းရေထိန်းတံခါးတို့ကိုလည်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။