မြစ်ကြီးနား စက်တင်ဘာ ၁၈
စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က ဂုဏ်ပြုအမှာထပ်ဆင့်စကား ပြောကြားခဲ့ကာ တိုင်းမှူး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ပြီးဆုံးသည့်ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ် တပ်ဆင်ပေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများက စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ပြီးဆုံးသည့် ပြည်သူ့စစ်မှုထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။


