မြစ်ကြီးနား စက်တင်ဘာ ၁၆
ကချင်ပြည်နယ်အတွင်းရှိ လာချိဒ်တိုင်းရင်းသားမျိုးနွယ်စုများအား “လရှီု” အမည်မှားဖြင့် ခေါ်ဝေါ်သုံးစွဲနေမှုအား “လာချိဒ်” အမည်မှန် သတ်မှတ်ပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲက လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီရုံး၌ လာချိဒ်တိုင်းရင်းသားလူထုနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလဘောင်ဇုန်းဘောမ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ညီနောင်တိုင်းရင်းသားများ၏ တိုင်းရင်းသားမျိုးနွယ်စု အမည်မှန်သတ်မှတ်နိုင်ရေး၊ နည်းလမ်းတကျဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်စည်းလုံးမှုကိုမထိခိုက်စေဘဲ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုသတ်မှတ်ပေးနိုင်ရေး တင်ပြဆောင်ရွက်နိုင်ရေး လီဆူမျိုးနွယ်စုများ၊ လော်ဝေါ်မျိုးနွယ်စုများနှင့်တွေ့ဆုံပြီး ကူညီဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့လာချိဒ်တိုင်းရင်းသားများ၏ အမည်မှား “လရှီု” ဟုခေါ်ဝေါ်သုံးစွဲနေမှုကိုလည်း “လာချိဒ်” အမည်မှန် သတ်မှတ်ပေးနိုင်ရေးကိုလည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဗဟိုအကြံပေးပုဂ္ဂိုလ်နှင့် ပန်ဝါ၊ ရှမ်းပြည်နယ်၊ ဖားကန့်၊ မိုးညှင်း၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ ဆဒုံး-ကံပိုင်တည်၊ မန္တလေးဇုံနယ် လာချိဒ်တိုင်းရင်းသားကိုယ်စားလှယ်များက မျိုးနွယ်စုအမည်မှန် “လာချိဒ်” ဟုသတ်မှတ်ပေးနိုင်ရေး အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပေးခဲ့ပြီး စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီအတွက် ငွေကျပ်သိန်း ၂၀ ကို ပေးအပ်ရာ လာချိဒ်တိုင်းရင်းသားများက လူမျိုးစုသမိုင်း ကြောင်း စာအုပ်အား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က “ကမ္ဘာမြေ ပိုမိုအေးမြဖို့၊ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့မျိုးဆက်သစ်များအတွက် စဉ်ဆက်မပြတ်အေးမြပြီး လုံခြုံစိတ်ချရသည့် ကမ္ဘာ့ကြီးဖြစ်အောင် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတို့တွင် မိမိတို့အားလုံးက ဆောင်ရွက်ကြရေးတိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် UN အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားပြီး UNEP အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့အိုဇုန်းလွှာနေ့ အသိပညာပေး ဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေး (၅)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုများနှင့် ဝန်ကြီးဌာနအဆင့် အမျိုးသားအလွတ်တန်း တံခွန်စိုက်ဖလားပြိုင်ပွဲတွင်လည်း ရွှေ(၁)ခု၊ ငွေ(၄)ခု၊ ကြေး(၂)ခုဖြင့် တတိယတံခွန်စိုက်ဖလားများ ဆွတ်ခူးရရှိသော အောင်ပွဲရပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်း၏ မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာမှုအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည် နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများ၊ လီဆူရိုးရာအကအဖွဲ့များ၊ ပန်းပွားအဖွဲ့များနှင့်အတူ မြစ်ကြီးနားလေဆိပ်၌ အောင်သပြေနှင့် ပန်းကုံးစွတ်၍ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့အတူ အောင်ပွဲရ ဂျူဒိုအသင်းအား မြစ်ကြီးနားလေဆိပ်မှ ပြည်ထောင်စုလမ်းမကြီး၊ ဆွမ်ပရာဘွမ်လမ်း၊ ရုံးကြီးလမ်းနှင့် သခင်နက်ဖေလမ်းတစ်လျှောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ၊ အိုးစည်ဒိုးပတ်များ၊ ကျောင်းသား/ ကျောင်းသူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ကချင်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ၏ ၁/၂၀၂၆ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အမှာစကားပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုးရန်နောင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဆောင်ရွက်နေမှုလုပ်ငန်းစီမံကိန်းများနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် လျာထားစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တွဲဖက်အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ/ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၆)ပါ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ဆပ်ကော်မတီများအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆောင်ရွက်သွားမည့်အစီအစဉ်များကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီအတွင်းရေးမှူးက လိုအပ်သည်များကို ကဏ္ဍအလိုက်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







