ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဖွင့်လှစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်းဖွင့်ပွဲသို့တက်ရောက်၊ စုပေါင်းသွေးလှူဒါန်းပွဲ၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆောင်းဆီထွက်သီးနှံ ထောက်ပံ့ပေးအပ်ပွဲနှင့် မြစ်ဖျားဧရာယာဉ်ရပ်နားစခန်းမှ မော်တော်ယာဉ်အသင်းပိုင်ရှင်များ၊ ယာဉ်လုပ်သားများနှင့်တွေ့ဆုံ

မြစ်ကြီးနား ဒီဇင်ဘာ ၂

          ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ခရိုင်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံများအလိုက် ကြီးကြပ်ဆောင်ရွက်ကြမည့်  ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအတွက် ဖွင့်လှစ်သော မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများ၌ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံးမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များသည် အခြေခံအကျဆုံးဖြစ်သောအခန်းကဏ္ဍမှအကောင်အထည်ဖော်ဆောင်ရွက်ရသည့် အဖွဲ့ဝင်များပင်ဖြစ်ကြပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာလုပ်ငန်းလမ်းညွှန်ပါ လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာသိရှိထားကြရန်နှင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲနေ့တွင် မဲရုံအားကြီးကြပ်ပေးရခြင်းများအပြင် မဲရုံအဖွဲ့ဝင်များအနေ ဖြင့်လည်း ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းစဉ်များကို စနစ်တကျဆောင် ရွက်ကြရန်နှင့် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်အောင်၊ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်အောင် ကြိုးစားလေ့လာမှတ်သားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်က ယနေ့သင်တန်းသည် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဖွင့်လှစ်ကြရကြမည့် မဲရုံများကို တာဝန်ခံကြီးကြပ်ဆောင်ရွက်သွားကြမည့် ရပ်ကွက်၊ ‌ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများကို ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကို သေသေချာချာသိရှိနားလည်သဘောပေါက်စေရန်၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများကိုပါ သိရှိ နားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

          အဆိုပါ သင်တန်းတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံများအလိုက် အဆင့်ဆင့်ကြီးကြပ် တာဝန်ယူဆောင်ရွက်ပေးကြမည့် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့်သူများစသည်ဖြင့် စုစုပေါင်းသင်တန်းသားဦးရေ (၁၁၂)ဦးတို့အား ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက (၂)ရက်ကြာဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)၏ စီစဉ်မှုဖြင့် ကျင်းပပြုလုပ်လျက်ရှိသော (နဝမ)အကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ သွေးလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သွေးလှူရှင်အသင်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ရဟန်း၊ သံဃာများ၊ စေတနာ့သွေးလှူရှင်များက ဆေးရုံကြီးသွေးလှူဘဏ်ဌာနမှ ကျန်းမာရေးဝန်ထမ်းများ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် သွေးဖောင်ဒေးရှင်(ကချင်ပြည်နယ်)တို့အတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

          ထို့အတူ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည့် တောင်သူတွေ့ဆုံပွဲ၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆောင်းဆီထွက်သီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          ရှေးဦးစွာ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း တောင်သူများနှင့်တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က စံကွက်ရိတ်သိမ်းခြင်းသည် စိုက်ပျိုးထားသည့် စပါးခင်းမှ စပါးခင်းတစ်ခုလုံးကို ကိုယ်စားပြုနေရာမှ စံကွက်ကိုရိတ်သိမ်းပြီး စံကွက်၏အထွက်ကိုတွက်ချက်ကာ ဒေသအလိုက် တစ်ဧကအထွက်နှုန်းကို ကြိုတင်ခန့်မှန်းနိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဆီဖူလုံမှုရှိစေရေးအတွက် ၂၀၂၈-၂၀၂၉ ခုနှစ်တွင် ရာနှုန်းပြည့်ရရှိရေးအတွက် စီမံရေးဆွဲဆောင်ရွက်လျက်ရှိသည်ကို အသိပေးလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ဆီထွက်သီးနှံမျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးခြင်း၊ စိုက် ဧရိယာတိုးချဲ့ပေးခြင်းနှင့် နည်းပညာနှင့် သွင်းအားစုများပံ့ပိုးပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် တောင်သူများအတွက် လယ်သီးထပ် ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် နေကြာ၊ ပန်းနှမ်း၊ ပဲပုတ်၊ ဆီမုန်းညှင်း မျိုးကောင်းမျိုးသန့်များနှင့် စူပါဘိုကာရှီသဘာဝမြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် ဒေသခံတောင်သူများနှင့်အတူ မိုးစပါးစံကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှု၊ မြေစာရင်းဦးစီးဌာနမှ စံကွက်ရိတ်သိမ်းမှုနှင့် စပါးတစ်ဧက အဆိုထွက်ရရှိမှုနှင့်စပ်လျဉ်း၍ တွက်ချက်ချိန်တွယ်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ မြစ်ဖျားဧရာယာဉ်ရပ်နားစခန်းရှိ မော်တော်ယာဉ်လိုင်းများမှ အသင်းပိုင်ရှင်များ၊ ယာဉ်လုပ်သားများနှင့်တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချူပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ပြီး ပြည်သူများလူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်အေးချမ်းအတွက် အဓိကကျသည့် လုပ်ငန်းပင်ဖြစ်ပါကြောင်း၊ သို့ရာတွင် ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်လိုင်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြေးဆွဲလုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယာဉ်အသင်းများ၏ လုပ်ငန်းကိစ္စအဝဝ အဆင်ပြေချောမွေ့စေရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မှာကြားသည်။

          ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက ကချင်ပြည်နယ်အတွင်း ပြေးဆွဲဆောင်ရွက်လျက်ရှိသည့် မော်တော်ယာဉ်လိုင်း အခြေအနေများ၊ လုပ်ငန်းလိုင်စင်ခွင့်ပြုချထားပေးမှု အခြေအနေများ၊ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပြေးဆွဲနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မော်တော်ယာဉ်လိုင်း/ အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများက လုပ်ငန်း လိုင်စင်လျှောက်ထားမှုအခြေအနေများ၊ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ယာဉ်လိုင်းများတွင် လိုင်စင်မဲ့ယာဉ်များ ပြေးဆွဲမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးရန်ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးက စိစစ်ကြပ်မတ်ကူညီပေးကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။