ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် (စည်ခမ်းမြို့တော်)အင်းတော်ကြီးဒေသရှိ ကျေးရွာပေါင်း ၃၇ ရွာမှ ရှမ်းမျိုးနွယ်စုများစုပေါင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သည့် ရှမ်းနီနှစ်သစ်ကူးပွဲတော်နှင့်အတူ ရိုးရာကောက်ဦးဆွမ်းကပ်လှူပွဲအား တက်ရောက်

မြစ်ကြီးနား  ဒီဇင်ဘာ ၅

          ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးဒေသ (စည်ခမ်းမြို့တော်) ဧရိယာအတွင်းရှိ တိုင်းလျန်(ရှမ်းနီ)မျိုးနွယ်စုတို့၏ ကျေးရွာပေါင်း ၃၇ ရွာ စုပေါင်း၍ ရှမ်းနှစ်သစ်ကူးပွဲတော်နှင့်အတူ ရိုးရာကောက်ဦးဆွမ်းကပ်လှူပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့များတွင် နန့်မွန်းကျေးရွာ၌ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြရာ ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

          ရှေးဦးစွာ နန့်မွန်းကျေးရွာ၊ သီရိမင်္ဂလာပရိယတ္တိကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှမ်းမျိုးနွယ်စုများ သက်ဝင်ယုံ ကြည်မှုနှင့် ကျေးဇူးတရားသိတတ်ခြင်းဟူသည့် အနှစ်သာရကို ဖော်ညွှန်းသည့် ရိုးရာကောက်ဦးဆွမ်းကပ်လှူပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့က ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဓောဘာသအား ဖူးမျှော်ကြည်ညိုခဲ့ကြကာ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကျောင်းထိုင်ဆရာတော်အမှူးပြုသော ဆရာတော်/ သံဃာတော်အပါး (၇၀)ကျော်တို့အား ရိုးရာကောက်ဦးဆွမ်းအလှူကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရတနာ့မာန်အောင်ဘုရားကြီးဝင်းမုဒ်ဦး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ မိုးညှင်းတပ်နယ်မှူးဗိုလ်မှူးချုပ် ဝဿုန်စိုး၊ တိုင်းလျန် (ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြရာ တိုင်းလျန်(ရှမ်းနီ)မျိုးနွယ်စုများ အပါအဝင် ဒေသခံကျေးရွာများမှ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများက ရှမ်းရိုးရာအကအလှများ၊ ရိုးရာအတီး/အမှုတ်တို့ဖြင့် ရင်းနှီးပျော်ရွှင်စွာ၊ စည်းကားသိုက်မြိုက်စွာကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ပြဇာတ်ရုံ၌ ဆက်လက်ကျင်းပရာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ လူငယ်များက ရှမ်းရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်၍ ဖွင့်လှစ်ပေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းနှစ် (၂၁၁၉)ခုနှစ်မှ (၂၁၂၀)ပြည့်နှစ်သို့ ကူးပြောင်းသည့်ကာလ၌ အဦးအစရရှိသည့် ကောက်ဦး(ဆန်သစ်)များကို သဘာဝတရားနှင့် လယ်ယာမြေကပေးသည့် ကျေးဇူးတရားအပြင် တစ်နှစ်ပတ်လုံးကြိုးစားအားထုတ်ခဲ့မှု၏အကျိုး၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကိုအောက်မေ့ပြီး ကောက်ဦးဆွမ်းကပ်သည့် မြင့်မြတ်သည့်ဓလေ့နှင့် ရိတ်သိမ်းအောင်မြင်သည့် ဝမ်းသာပီတိကို အားလုံးအတူတကွ မျှဝေခံစားကြသည့် ပွဲတော်ဖြစ်ပါကြောင်း၊ ထို့အပြင် နှစ်သစ်ကူးပွဲတော်သည် ရိုးရာဓလေ့ကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်ကို ဖော်ပြခြင်းဖြစ်သည့်အပြင် ဆွေမျိုးသားချင်းများ ပြန်လည်ဆုံဆည်းကြပြီး ရိုးရာအမွေအနှစ်များ ထုတ်ဖော်ပြသကြကာ ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်များထံ လက် ဆင့်ကမ်းခြင်းလည်းဖြစ်ပါကြောင်း၊ ယခုလို မိမိတို့ရိုးရာပွဲတော်များကို လွတ်လပ်စွာကျင်းပနိုင်ခြင်းအားဖြင့် တိုင်းရင်းသားတို့အကြား အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုကိုတည်ဆောက်ပေးခြင်းဖြစ်သကဲ့သို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုသည့် တူညီသည့် ရည်မှန်းချက်နှင့် လက်တွဲကြိုးပမ်းသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဌာနေတိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှသာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်ကို အလေးအနက်ထား ပြောကြားလိုပါကြောင်း၊ သို့ဖြစ်ပါ၍ နှစ်သစ်တွင် သီးနှံပေါများ၊ ချမ်းသာကြွယ်ဝပြီး စီးပွားရေး၊ လူမှုရေးကိစ္စအဝဝတို့တွင် အောင်မြင်၍ ငြိမ်းချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းတောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ရှမ်းမျိုးနွယ်စုများထံ ကချင်ရိုးရာ မဂွန်းလစ်နှင့် ပွဲတော်အတွက် ငွေကျပ်သိန်း (၁၀၀)ကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က အလှူငွေများကိုလည်းကောင်း ပေးအပ်ခဲ့ကြရာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့ထံ ပွဲတော်အထိမ်းအမှတ် အမှတ်တရဂါရဝလက်ဆောင်များကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ရှမ်းနီလူငယ်များ၏ တေးသီချင်းသရုပ်ဖော် ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရုပ်သိမ်းလိုက်ကြကာ ပွဲတော်အတွင်း ပြသထားသည့် ရှမ်းနီရိုးရာအသုံးအဆောင်ပစ္စည်းပြခန်းများနှင့် ရှမ်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးဆုတောင်းရိုးရာအကကို ပါဝင်ဆင်နွှဲခဲ့ကြကာ ပွဲတော်အတွင်း အားကစားပြိုင်ပွဲများဖြစ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ခေါင်းအုံးရိုက်စသည့် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများနှင့် အသုံးအဆောင်ပစ္စည်းများ၊ ရိုးရာမုန့်များရောင်းချနေသည့် ဈေးတန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

          ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုများအနေဖြင့် ရှမ်းသမိုင်းအရ သာသနာနှစ် (၄၅၀) ခုနှစ်မှစတင်ပြီး ရှမ်းနှစ်စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သဖြင့် ယခုနှစ် ရှမ်းနှစ်သည် (၂၁၂၀)ခုနှစ်ဖြစ်ပြီး မြန်မာလနတ်တော်လဆန်း(၁)ရက်နေ့ကို(လိန်စိန်မိုင်ဝမ်းနိမ်)ကို ရှမ်းနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကြောင်း သိရှိရပြီး ရှမ်းနီဒေသတွင် အကြောင်းအမျိုးမျိုးကြောင့် ငါးနှစ်တာကာလအတွင်း အဆိုပါပွဲတော်များကျင်းပနိုင်ခြင်းမရှိခဲ့ရာမှ ယခုနှစ်တွင် စည်ခမ်းမြို့တော်၏ခေါ်ဝေါ်သည့် အင်းတော်ကြီး ဒေသတွင်းရှိ ကျေးရွာပေါင်း (၃၇)ရွာမှ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများစုပေါင်း၍ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။