ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ဒေသဖွံ့‌ရေးရန်ပုံငွေများ ပေးအပ်၊ ဇီးအွန်ကျေးရွာအတွင်း လယ်သီးထပ်ဆောင်းသီးနှံ ဆီမုန်ညှင်းစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး၊ ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာ ပဋ္ဌာန်းမြတ်ပူဇော်ပွဲတွင် ထည့်သွင်းကျင်းပလျက်ရှိသော ပြိုင်ပွဲများအား သွားရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား ဇန်နဝါရီ ၃၁

          မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားဆီဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ယနေ့ နံနက် ၉ နာရီက တွေ့ဆုံသည်။

          ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မိုးယံလွှင့်ပျံ လက်ခုပ်သံ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကပြတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပူတာအိုခရိုင်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ခရိုင်၏အောင်ချက်မြင့်မားရေးအတွက် အဖွဲ့ (၅)ဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်းကာ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ ကလေးများ၏ အခက်အခဲများကိုအနီးကပ်ဖြေရှင်းဆောင်ရွက်ပေးကြရန်နှင့် အရေးကြီးတာဝန်တစ်ရပ်အဖြစ် စေတနာအပြည့်နှင့် ကြိုးစားထမ်း‌ဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ဂုဏ်ပြုချီးမြှင့်ငွေ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွင် ရန်ပုံငွေများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်အတွင်းတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် ငွေကျပ်သိန်း ၁၃၀ ကို ခရိုင်ပညာရေးမှူး ‌ဒေါ်သန်းသန်းညွန့်ထံပေးအပ်ခဲ့ပြီး ‌ဒေသခံလုပ်ငန်းရှင်များက ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အလှူငွေကျပ် သိန်း ၃၀၀ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းကျောင်း (ပူတာအို) ကျောင်းတွင် အသုံးပြုရန်အတွက် 3 Phase Generator 15 KW (25 KVA) မီးစက်နှင့် ဆက်စပ်ပစ္စည်းများအတွက် ထောက်ပံ့ငွေကျပ် (၅၄၈၇၃၀၀၀)ကို ကျောင်းအုပ်ဆရာမထံလည်းကောင်း၊ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပူတာအိုမှပြိုင်ပွဲဝင်ရောက်၍   အမျိုးသားအသင်း ပထမဆုနှင့် အမျိုးသမီးတစ်ဦးချင်း ပထမဆုတို့ကို ရရှိခဲ့သည့်အတွက် ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၂)သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် Grade-12 ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံး စာရေးကိရိယာမျိုးစုံအား မြို့နယ်ပညာရေးမှူးထံပေးအပ်ပြီး ပူတာအိုဒေသခံလုပ်ငန်းရှင်များက ကျောင်းသား/ ကျောင်းသူ (၉၂၈)ဦးတို့အား ပေးအပ်နိုင်ရန်အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၉၂၈ သိန်းအားလက်ခံရယူသည်။ ထို့နောက် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ပိုင် သားဖွားခန်းပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များ၏ လှူဒါန်းငွေကျပ်သိန်း (၄၈၀)အပြင် ထပ်မံလိုအပ်သည့် ငွေကျပ်သိန်း (၁၀၀)အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ(၄)ခုတို့မှ ထည့်ဝင်လှူဒါန်းမှုကို စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဒုတ္တန်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ခရိုင်ပညာရေးမှူးက ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ကျောင်းသား/ ကျောင်းသူလေးများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း (ပူတာအို)၌ ကျောင်းဝင်းခြံစည်းရိုး ပေ ၃၈၈ ပေအား အုတ်နံရံကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခြံဝင်ကာရံရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ကျောင်းဝင်းအတွင်း ရေဝပ်သည့်နေရာများအတွက် ‌ရေနှုတ်မြောင်း စနစ်တကျဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ် ဇီးအွန်ကျေးရွာအုပ်စု ဇီးအွန်ကျေးရွာအတွင်းရှိ တောင်သူများ၏ လယ်ဧက ၅၀၀ ကျော်ရှိသည့်အနက် တောင်သူ (၁၈၉)ဦး၏ လယ်ဧက ၄၀၇ ဧကအား ဆောင်းသီးထပ်လယ်သီးနှံ ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် (၁၁၃ ဒဿမ ၆) သိန်းအကုန်အကျခံ၍ လယ်ခြံစည်းရိုးကာရံပေးခြင်း၊ ဆီမုန်ညှင်းမျိုးစေ့ ၇၅ တင်းနှင့် ရွက်ဖျန်းမြေသြဇာ (၂၄၀)ထုတ် ပံ့ပိုးထောက်ပံ့မှုဖြင့် ဆီမုန်ညှင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ‌တောင်သူများနှင့် ဌာနအဆိုင်ရာတာဝန်ရှိသူများအား လာမည့်နှစ်ဆောင်းသီးထပ်စိုက်ပျိုးရာသီတွင် ဧက ၅၀၀ ကျော်လုံး စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကာ ရွက်ဖျန်းမြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ပြီး တောင်သူများ၏ ကျေးဇူးတင်ဂါရဝလက်ဆောင်များကို လက်ခံရယူခဲ့သည်။

ထို့နောက် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ဂျူဗလီကျေးရွာသို့သွားရောက်ပြီး ကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် မြစိမ်းရောင်းအတိုးရငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာခန်းမဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်၊ ကျေးရွာတာဝန်ခံ ဦးရဲဆာယဲ့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ခန်းမဆောင်သစ်အတွင်း ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဖွင့်လှစ်ပေးသည့် ခန်းမဆောင်သည် ကျေးရွာနေပြည်သူများ၏ လိုလားချက်အရ ပြည်နယ်ရန်ပုံငွေမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ငွေကျပ်သိန်း ၁၅၀ မတည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အ‌ခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် စားရေရိက္ခာဖူလုံ‌ရေးတို့ကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုဖြင့် စည်းလုံးညီညွတ်စွာ ပါဝင်ပေးမှုကို ကျေးဇူးအထူးတင်ရှိပါကြောင်း တိုက်တွန်းမှာကြားပြီး ကျေးရွာဒေသခံ ဒေါ်ဇမီရမ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ လီဆူလူငယ်အဖွဲ့၏ ရိုးရာတေးသီချင်းသရုပ်ဖော်အကအလှများကို ကြည့်ရှုအားပေးပြီး ဖျော်ဖြေရေးအကအဖွဲ့များနှင့် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ကာ ကျေးရွာနေပြည်သူများနှင့်အတူ ဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာရှိ မလိခမြစ်ကမ်းဘေး၌ တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်နေမှုကို သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြပြီး စေတီ တော်ကြီးအား လက်ယာရစ်ပတ်ဖူးမျှော်ကာ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် တိုင်းခမ်းတီ ရှမ်းမျိုးနွယ်စုတို့၏ ကျေးရွာအလိုက် ရိုးရာထမင်းနဲထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှု၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းပြိုင်ပွဲ၊ မလိခမြစ်အတွင်း ရိုးရာလှေပြိုင်ပွဲများအပြင် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းခမ်းတီရှမ်းမျိုးနွယ်စုများ၏ ဗုဒ္ဓပူဇနိယပွဲတော်အတွက် ငွေပဒေသာပင်များ လှည့်လည်ပူဇော်ပွဲတွင် တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက ပူတာအိုမြို့သို့ရောက်ရှိခဲ့ပြီး ဒုတ္တန်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (တတိယနှစ်)စက်ဝန်းမှ မတည်ပံ့ပိုးငွေကျပ် ၁၅ သန်းဖြင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အစုအဖွဲ့ဖြင့် ပိုင်ရှင် ဦးအောင်ထွန်း၏ နေအိမ်ခြံဝင်းအတွင်း စီးပွားဖြစ်ထွန်းအောင်မြင်လျက်ရှိသော အသားတိုးဝက် ကောင်ရေ (၃၀)မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် အဆိုပါရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)၊ ဗဟိုမိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီမှ ငွေကျပ်သိန်း (၅၀)၊ လုပ်ငန်းရှင်များ၏ လှူဒါန်းမှုစုစုပေါင်းငွေကျပ် (၃၃၀)သိန်း စုစုပေါင်း ငွေကျပ် (၄၈၀)သိန်းဖြင့် စည်ပင်သာယာရေးအဖွဲ့က ပြုပြင်တည်ဆောက်လျက်ရှိသော မေတ္တာရှင်သားဖွားခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာသစ် ပြုပြင်တည်ဆောက်ခြင်း၊ ရေစင်နှင့် နှစ်ခန်းတွဲရေချိုးခန်းအိမ်သာ တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် လုံးစွတ်ရပ်ကွက်အတွင်း ဆောင်းသီးထပ်လယ်သီးနှံ ဆီမုန်ညှင်းစိုက်ပျိုးထားသည့် ဒေသခံတောင်သူ ဒေါ်အားဆီဒွေ့၏ လယ်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ နည်းစနစ်ကျ စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ လာမည့်ဆောင်းရာသီတွင် ကျန်လယ်များအားလုံး ဆီမုန်ညှင်းတိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။