မြစ်ကြီးနား မေ ၂၂
ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ သင်ကြားရေးစွမ်းရည်တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တက်ရောက်အမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲတွင် ဦးစွာပြည်နယ်ဝန်ကြီးက အင်္ဂလိပ်စာဟာ ယနေ့ခတ်မှာ ဘာသာစကား တစ်ခုထက်မကဘဲ ဗဟုသုတများလေ့လာရာ တံခါးပေါက်တစ်ခုဖြစ်ပါကြောင်း၊ အထူးသဖြင့် ကလေးများ၏အခြေခံအုတ်မြစ်ကိုချပေးရသည့် “မူလတန်း” အဆင့်တွင် ဆရာ၊ ဆရာမ များ၏ အရည်အသွေးဟာ လွန်စွာအရေးကြီးပါကြောင်း၊ ကလေးများအား အသံထွက် (Phonetics)ကို အခြေခံမှန်မှန်ဖြင့် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကျွမ်းကျင်မှုရှိမှသာ ကျောင်းသား/ကျောင်းသူများ အားယုံကြည်မှုအပြည့်ဖြင့် သင်ကြားပို့ချနိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းမှသင်ယူရရှိသောအသိပညာ၊ အတတ်အပညာများအား လုပ်ငန်းခွင်နှင့် မိမိတို့ဘဝတိုးတက်ရေး ထိထိရောက်ရောက် အသုံးချသွား ကြရန် တိုက်တွန်းအမှာစကားပြောကြားသည်။
ဆက်လက်ပြီးပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ပညာရေးမှူးတို့က သင်တန်းသား/သင်တန်းသူ များအတွက် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူ (၂)ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက အင်္ဂလိပ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ကရာတေး/ တိုက်ကွမ်ဒို ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ သွားရောက်အားပေးချီးမြှင့်သည်။
ဦးစွာ ကရာတေး အားကစားသရုပ်ပြအဖွဲ့များက အမျိုးသမီးအသင်းလိုက် ခတ (၃)ယောက်တွဲ၊ အမျိုးသားတစ်ဦးချင်း ခတ၊ အမျိုးသား/အမျိုးသမီး အတိုက် သရုပ်ပြသခြင်း နှင့် တိုက်ကွမ်ဒို အားကစားသရုပ်ပြအဖွဲ့များက တိုက်ကွမ်ဒိုအခြေခံကန်ချက်များ၊ ဖလိုင်အာချာဂီ၊ လူကျော်ဘေးတိုက် ကန်ချက် အစရှိသည်တို့အား သရုပ်ပြသခဲ့ကြသည်။
ဆက်လက်ပြီး ဗိုလ်လုပွဲအား ပြိုင်ပွဲအမျိုးအစားလိုက် ဒိုင်လူကြီးများမှဦးဆောင်၍ ယှဥ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဒိုင်လူကြီးများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ကရာတေးနှင့် တိုက်ကွမ်ဒို ပြိုင်ပွဲတွင် ကစားနည်းအလိုက်ဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်လည်ဆွဲနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်းသိရသည်။






