မြစ်ကြီးနား မေ ၅
ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်း ကျောင်း ရွှေသွေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့်အလိုက် ကျောင်းသား/ကျောင်းသူဦးရေ ၅၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် ကာတွန်း၊ ပန်းချီး၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ပြုလုပ်ကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးသည် အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်မည့်လုပ်ငန်းများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန် နှင့် ယခုအထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်ဖြစ်သည့် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” ဆိုသည်နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်စပ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံးက လာမည့်မျိုးဆက်တိုင်းကို အကာကွယ်ပေးနိုင်ရေး ကာကွယ်ဆေးထိုးလုပ် ငန်းများ လွှမ်းခြုံအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများအတွက် မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား Documentary Storyဗီဒီယိုကလစ်ကို ဖွင့်လှစ်ပြသခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသည့် အဖွဲ့အစည်းများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကာ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ရက်သတ္တပတ်များအထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


