မြစ်ကြီးနား မေ ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမကြီးဘေး တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံတောင် (လမ်းသွယ်-၁)နှင့် (လမ်းသွယ်-၅)တို့တွင် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး မြို့နယ်စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူများ၊ တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများနှင့် ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းဝေးခန်းမ၌တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မိမိတို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များအပြင် ရပ်ကွက်/ကျေးရွာများရှိ ရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်ကင်းစင်ရေး နေ့/ညမနား ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအလိုက် သတ်မှတ်ချိန်အတွင်း စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်သိမ်းမော်တော်ယာဉ်များဖြင့် လိုက်လံသိမ်းဆည်းခြင်းအပြင် အဆိုပါနေရာများတွင် သတ်မှတ်ကာလအတွင်း အမှိုက်သိမ်းယာဉ်ထားရှိခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာသည့် အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများအနေဖြင့် မိမိတို့ရပ်ကွက်အတွင်း စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေးအတွက် ပြည်သူလူထုပူးပေါင်းပါဝင်ရေး ကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက စည်းကမ်းချက်နှင့်အညီ သတ်မှတ်နေရာများတွင် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး အသိပညာပေးစည်းရုံးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများက မြို့လယ်မိန်းလမ်းမကြီးဖြစ်သည့် ဆွမ်ပရာဘွမ်လမ်းမကြီးဘေးဝဲယာတွင် အမှိုက်များစွန့်ပစ်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများလိုက်ပါ၍ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမကြီးဘေး တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံတောင် (လမ်းသွယ်-၁)နှင့် (လမ်းသွယ်-၅) တို့တွင် အမှိုက်စွန့်ပစ်ထားရှိမှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် သန့်ရှင်းရေးလုပ်သားများက အမှိုက်သိမ်းမော်တော်ယာဉ်များဖြင့် အမှိုက်များရှင်းလင်းထားရှိမှုအခြေအနေများနှင့် အဆိုပါ နေရာများတွင် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး မော်တော်ယာဉ်များထားရှိပြီး အသံချဲ့စက်များဖြင့် အမှိုက်များစနစ်တကျ စွန့်ပစ်တက်စေရန် အသိပညာပေးနှိုးဆော်နေမှုအား လှည့်လည်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ သန့်ရှင်းရေးလုပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေကျပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


