မြစ်ကြီးနား မေ ၇
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းသည် ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ကျင်းပသည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကက ယခုလို အမျိုးသမီးများအတွက် အိမ်တွင်းမှုသက်မွေးပညာရပ်တစ်ခုဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြင့် ဒေသခံအမျိုးသမီးများအနေဖြင့် အိုးအိမ်မကွာဘဲ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိမှာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပေးခဲ့သည့် အခြေခံစက်ချုပ်နည်းပညာဖြင့် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် လက်တွေ့အသုံးချသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက အခြေခံစက်ချုပ်သင်တန်းနည်းပြဆရာမနှင့် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သော သင်တန်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူများချုပ်လုပ်ထားသည့် အဝတ်အထည်များ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ သင်တန်းသူ (၁၈)ဦးတို့ဖြင့် မေလ (၆) ရက်နေ့မှ ဧပြီလ (၁၂) ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် မိန်းမဝတ်ဘလောက်(စ်)ရင်ဖုံး၊ ရင်စေ့၊ ကလေး/ လူကြီးဝတ် ဘောင်းဘီနှင့်အင်္ကျီ၊ ဂါဝန်၊ ချိတ်ထမီ၊ ပတ်ထမီ၊ (၃)လွှာ၊ (၄)လွှာစသည့် အမျိုးပေါင်း (၁၅) မျိုးတို့ကို စာတွေ့/လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် အဆိုပါခန်းမ၌ မြစ်ကြီးနားမြို့နယ်အတွင်း ယာယီတိမ်းရှောင် ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်ပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ဆက်လက်ကျင်းပရာ နာယကနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နာယကက မကြာမီကာလအတွင်း မိုးတွင်းကာလရောက်ရှိလာတော့မည့်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှော၊ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယခုလိုအသိပညာပေးဟောပြောပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြစ်ကြီးနားခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူသန့်က အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဇော်ရိန်က ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုအန္တရာယ်၊ ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်း ရေးအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်ခိုင်နှင်းဦးက ဖုံး၊ သွန်၊ လဲ၊ စစ် အကြောင်းနှင့် ယင်လုံအိမ်သာအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် နာယကနှင့် တာဝန်ရှိသူများက အသိပညာပေးဟောပြောပေးသည့် ကျန်းမာရေး ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင်များနှင့် ယာယီတိမ်းရှောင်ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဥက္ကဋ္ဌက ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းများလှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။



