မြစ်ကြီးနား မေ ၅
နှစ် (၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့် ပြည်နယ်အဆင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့သည့် အနော်ရထာမင်းစော လက်ထက်မှ စတင်၍ ခေတ်အဆက်ဆက်နိုင်ငံတော်အတွင်း မီးဘေးအပါအဝင် အခြားသောဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့သည့် အချိန်တိုင်းတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သက်စွန့်ကြိုးပမ်း၊ အစွမ်းကုန်အားထုတ်ဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မီးသတ်တပ်ဖွဲ့၏ သမိုင်းအစဉ်အလာကောင်းမျာကို ဆက်လက်ထိန်းသိမ်းပြီး တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး ပြည်သူအားကိုးရသည့် တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက်သွားကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များက နှစ် (၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအာားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အခမ်းအနားတက်ရောက်လာကြသူများက မြို့မခန်းမအတွင်းနှင့် အပြင်တို့တွင် ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အဆင့်မြင့်ပစ္စည်းကိရိယာများ၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်၊ ယန္တရားများ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


