မြစ်ကြီးနား ဇူလိုင် ၆
ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် အဖြစ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအတွင်းရှိ အမှတ် (၇)အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြရာ ကျေးရွာရှိ ဒေသခံပြည်သူများက ရှမ်းတိုင်းရင်းသားရိုးရာအကတို့ဖြင့် ကြိုဆိုခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ထံ ကျေးရွာနေပြည်သူများက လော်ဝေါ်တိုင်းရင်းသားမျိုးနွယ်စုဝတ်စုံကို ဂါရဝပြုပေးအပ်ဝတ်ဆင်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စိမ်းလန်းသာယာစေရေး သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့် ရာသီဥတုကောင်းမွန်မျှတရေးအတွက် သစ်ပင်များစိုက်ပျိုးပေးခြင်းဖြစ်ပါကြောင်း၊ ထို့အတူ မြို့ပြကျေး လက်ကွာဟချက် ကျဉ်းမြောင်းရေး၊ ဖွံ့ဖြိုးမှုလိုအပ်ချိန် Clean သန့်ရှင်းရေးနှင့် Green စိမ်းလန်းစိုပြေရေး အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့် ပြည်နယ်ဝန်ကြီးများက ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းစိုက်ပျိုးသွားမည့် ပျိုးပင်များအား ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျေးရွာနေ ပြည်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာဒေသခံပြည်သူများ က စုပေါင်း၍ ကျောင်းဘောလုံးကွင်းပတ်လည်ရှိ မြေကွက်လပ်တို့ရှီ သတ်မှတ်နေရာအသီးသီး၌ ရတနာတန်းဝင် ကျွန်းပင်၊ ကံ့ကော်ပင်နှင့် မဟော်ဂနီပင် စုစုပေါင်းပျိုးပင် ၃၀၀ တို့ကို တစ်ပျော်တစ်ပါးစုပေါင်း စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်စိုက်ပျိုးပေးကြသော ဒေသခံများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းစိုက်ခင်းအတွင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုပေါင်းတည်ထောင်ထားသည့် ဖရုံသီး၊ ကြက်ဟင်းခါးသီး၊ ဗုံလုံသီး၊ ခဝဲသီး၊ ငရုတ်သီး စသည့် သီးပင်စားပင်များ စိုက်ခင်းများ စနစ်တကျ ပြုပြင်ပျိုးထားရှိမှုအခြေအနေများနှင့် ကျောင်းရန်ပုံငွေအတွက် ပြန်လည်ရောင်းချနိုင်မှု အခြေအနေများကိုလည်းကောင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်း သာယာလှပရေးနှင့် စွန့်ပစ်အမှိုက်များ စနစ်တကျ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများရှိ အဆောက်အဦများ ဆောက်လုပ်ပြုပြင်ခြင်းနှင့် စားရေရိက္ခာထောက်ပံ့ခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း IDPs ၊ တိုက်ပွဲရှောင်၊ အကြမ်းဖက်တိမ်းရှောင်စခန်း စုစုပေါင်း ၃၃၈ ခုရှိပြီး အိမ်ထောင်စုအားဖြင့် ၂၃၃၈၆ စု၊ လူ ဦးရေ တစ်သိန်းကျော် ရှိနေပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိမ်းရှောင်ပြည်သူများအတွက် အဆောက်အဦ၊ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးစသည့် လိုအပ်ချက်များကို စဉ်ဆက်မပြတ်ပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့ရာ ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အပါအဝင် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမသုံးလပတ်အထိ စုစုပေါင်းတန်ဖိုးငွေကျပ် ၇၀၃၉ ဒဿမ ၂၇၈၁ သန်း ထောက်ပံ့ပေးထားပြီးဖြစ်သည့်အပြင် နိုင်ငံတော်မှလည်း ပြည်သူတစ်ဦးအတွက် တစ်လလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးခဲ့ရာ စုစုပေါင်းငွေကျပ် ၆၃၂၅ ဒဿမ ၃၂၀ သန်းထောက်ပံ့ပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများသည် မိမိတို့တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့်အတွက် အားလုံးနှင့်သက်ဆိုင်ပြီး ကူညီစောင့်ရှောက်မှုပေးရန် မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က တိုက်ပွဲရှောင်ပြည်သူများအား ပံ့ပိုးကူညီမှု အခြေအနေများနှင့် ဆက်လက်ကူညီနိုင်ရေး ဆောင်ရွက်ပေးရမည့် အခြေအနေများတွင် အားလုံးက ပူးပေါင်းပါဝင်ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာကြသည့် ဒေသခံအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက နေရပ်စွန့်ခွာစခန်းနေပြည်သူများအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးမည့် အစီအစဉ်များတွင် အတူတကွ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေများထည့်ဝင်လှူဒါန်းပေးနိုင်ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုမိုးတွင်းကာလတွင် အခက်အခဲပိုမိုဖြစ်ပေါ်စေနိုင်သည့်အတွက် အမြန်ဆုံး ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ပြင်ဆင်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယခုလို ပူးပေါင်းပါဝင်ပေးကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အတူ အောင်ဇေရန်အောင် ဘုရားပုရဝဏ်အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ စစ်ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဘိုး/ အဘွားများအတွက် အလှူငွေကျပ် ၁၅ သိန်းနှင့်ဖောင်ဒေးအတွက် ငွေကျပ် ၁၀ သိန်းကို အောင်ဇေရန်အောင်ကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားလေဆိပ်၌ ၂၀၂၆ ခုနှစ်၊ ပညာရေးဝန်ကြီးဌာန ၏ တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် မြစ်ကြီးနားတက္ကသိုလ်အနေဖြင့် ဇုန် (၈)ဇုန် ပြိုင်ပွဲတွင် မြစ်ကြီးနားဇုန်အနေဖြင့် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နှစ်သင်းလုံးသည် အားကားနည်း နှစ်မျိုးလုံး၌ ပထမ တံခွန်စိုက်ဆုဖလား ကို ရယူနိုင်ခဲ့ပြီး မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/ ကျောင်းသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့်အတူ လေဆိပ်၌ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး ကြိုဆိုရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် မလိခခန်းမ၌ ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ ၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးခိုင်ဦးက ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းလိုင်စင်သက်တမ်းတိုးမှုများနှင့် အသစ်လျှောက်ထားလာမှု အခြေအနေများကို တင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလေးထားပူးပေါင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းလိုင်စင် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။










