မြစ်ကြီးနား ဇူလိုင် ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီ က အားကစားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ငြိမ်းချမ်းသာယာပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်ခဲ့ကြပြီး အားကစားကွင်းအတွင်းရှိ ဂျူဒိုအားကစားခန်းမရုံရှေ့၌ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ အားကစားဆပ်ကော်မတီ အသီးသီးမှ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ဂျူဒို၊ ဘတ်စကက်ဘောစသည့် အားကစားအသင်းများနှင့်အတူ ရတနာတန်းဝင် ကျွန်းပင်၊ ခရေပင်၊ သပြေပင်နှင့် စိန်ပန်းပင်စသည့် အရိပ်ရအပင်ကြီးမျိုး ပျိုးပင်ပေါင်း ၁၁၀ ကို အတူအတွစုပေါင်းစိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပေးကြသည့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်းသည့် ပြည်နယ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သွားမည့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုပိုမိုရရှိရေး၊ အထင်အမြင်လွဲမှားမှုများမရှိစေရေး၊ စိုးရိမ်မှုများလျော့ပါးသက်သာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကဆောင်ရွက်မည့် ဒေသခံပြည်သူများအား မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်အကဲဖြတ်ခြင်း၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာသက်မှု ဆန်းစစ်၍ အချက်အလက်များ၊ မီဒီယာနည်းလမ်းများမှတစ်ဆင့် အကြောင်း/အကျိုး၊ အကောင်း/ အဆိုး၊ အကျိုးအပြစ်တို့ကို ပညာရှင်များနှင့်ပူးပေါင်းပြီး ပညာပေးရေးလုပ်ငန်းများကို အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ အဖွဲ့ခေါင်းဆောင် ဦးတိန့်ဆောင်က ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ပေးသွားမည့်အစီအစဉ်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လမ်းညွှန်မှာကြားချက်များနှင့် ဒေသတွင်း စီမံကိန်းလုပ်ငန်းအပေါ် ပြည်သူများထံ Face To Face ဆွေးနွေးပညာပေးသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဆောင်ရွက်သွားမည့် အစီအမံများအပြင် ခရိုင်အသီးသီးတို့ပါ ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဒေသခံကော်မတီအဖွဲ့ဝင်များက အသိပညာပေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် နည်းလမ်းများ၊ အစီအစဉ်များ၊ တွေ့ရှိချက်များကို အသီးသီးဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် များက အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သုံးသပ်ရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းအစီအမံများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ဌာနနှင့် ဒေသခံကော်မတီအဖွဲ့ဝင်များအကြား ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၉)နှစ်အောက် အမျိုးသမီးကလပ်အသင်း ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြရာ State Academy အသင်းနှင့် ပူတာအို FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး State Academy အသင်းက ၉ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်တို့က ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီခဲ့သော အဖွဲ့အစည်းများ၊ ပြိုင်ပွဲဝင်ကလပ်အသီးသီးမှ နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်း ကောင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က နေရာအလိုက်အကောင်းဆုံးဆုများ၊ ဂိုးသွင်းအများဆုံးကစားဆုများကိုလည်းကောင်း၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက တတိယဆုရအသင်းအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရအသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပထမဆုရအသင်းအား ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမတံခွန်စိုက်ဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။




