ကချင်ပြည်နယ်ဝန်ကြီးချုပ် ခေါ်ဆက်နောင်းကျေးရွာအတွက် ရက် (၁၀၀) စီမံချက်ကာလအတွင်း ပြုလုပ်ပြီးစီးသည့် ကျေးရွာမြေငှားဂရမ်များ ထုတ်ပေး

မြစ်ကြီးနား     ဇူလိုင် ၂၈
          ကချင်ပြည်နယ်အနေဖြင့် ခရိုင် (၄) ခရိုင်၊ မြို့နယ် (၇) မြို့နယ်ရှိ ကျေးရွာ (၇) ရွာကို နိုင်ငံတော် အစိုးရ၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း မြေငှားဂရန်ထုတ်ပေးနိုင်ရေး ပြည်နယ်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီခွဲက မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာအုပ်စု၊ ခေါ်ဆက်နောင်းကျေးရွာအတွက် ဆောင်ရွက်ပေးခဲ့သည့် မြေငှားဂရန်များကို ကျေးရွာဘုရားကျောင်း၌ ကျေးရွာနေပြည်သူများအတွက် ထုတ်ပေးခဲ့ကြသည်။
          အဆိုပါ မြေငှားဂရန်များ ထုတ်ပေးခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာမြေများအတွင်း ပိုင်ဆိုင်မှုအထောက်အထားကင်းမဲ့စွာ နေထိုင်ရခြင်းအစား ခိုင်မာသည့် တရားဝင်အထောက်အထားဖြစ်သော မြေငှားဂရန်ရှိခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများ ပိုမိုရရှိစေမည်ဖြစ်ပြီး နိုင်ငံတော်မှရသင့်သည့် အခွန်ငွေများကိုလည်းရရှိစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)ကာလအတွင်း အမှန်တကယ်အကျိုးရှိသော ကျေးရွာမြေငှားဂရန်များကိုသတ်မှတ်ရက်အတွင်းဆောင်ရွက်ပြီးစီး၍ ထုတ်ပေးနိုင်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်မြေစာရင်းဦးစီးမှူးတို့က ရက် (၁၀၀) စီမံ ချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အဆိုပါကျေးရွာမှ အိမ်ခြေ (၅၃)၊ အိမ်ထောင်စု (၅၃)စု၊ ဧရိယာ (၁၆) ဧကတို့အတွက် မြေငှားဂရန်များကို ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြရာ ကျေးရွာဘာသာ‌ရေး ဆရာတစ်ဦးက ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်စကားနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်ဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။