၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (စတုတ္ထနှစ်စက်ဝန်း) အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွင် တင်ပြတောင်းခဲ့လာသည့် စီမံကိန်းယူနစ် (၄၄)ခုအတွက် ရန်ပုံငွေများ ထပ်မံချထားပေး

မြစ်ကြီးနား     ဇူလိုင် ၂၈

ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ၂၇-၇-၂၀၂၆ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်ပပြုလုပ်သည့် ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပေးမှုဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမွေးမြူရေးစီမံကိန်းလုပ်ငန်းအသစ်များ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ရန်ပုံငွေထပ်တိုးမတည်လည်ပတ်မည့်လုပ်ငန်းများအတွက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။
         အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် (ရန်ပုံငွေ စက်ဝန်းအလိုက်) လုပ်ငန်းစီမံကိန်းများကို စိစစ်ရွေးချယ်၍ ရန်ပုံငွေများကို သက်သာသောအတိုးနှုန်းများဖြင့် ချေးငွေရယူနိုင်ရေး စိစစ်ချထားပေးခဲ့ခြင်းဖြစ်ရာ ယခုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် ရန်ပုံငွေရယူလိုသည့် စီမံကိန်းယူနစ်အသစ် (၂၀) ခုတို့နှင့် စီမံကိန်းယူနစ်အဟောင်းများထဲမှ ထပ်တိုးရယူလိုသည့် လုပ်ငန်းစီမံကိန်း (၂၄) ခုတို့အတွက် လုပ်ငန်းများ အဆက်မပြတ်လည်ပတ်နိုင်ရေး တင်ပြတောင်းခံလာသော စီမံကိန်းယူနစ်ပေါင်း (၄၄) ခုတို့အား လုပ်ငန်းကဏ္ဍအလိုက် ရန်ပုံငွေများ တိုးမြှင့်ချထားပေးနိုင်ရေး စိစစ်ဆွေးနွေး၍ ရန်ပုံငွေချထားရန် ဆုံးဖြတ်ပေးခဲ့ကြသည်။
          ထို့အတူ ခရိုင်အလိုက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများကလည်း သက်ဆိုင်ရာခရိုင်အတွင်းရှိ မြို့နယ်အလိုက် ရပ်ကွက်/ ကျေးရွာများတွင် ရန်ပုံငွေချထားလည်ပတ် လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၊ စီမံကိန်းအလိုက် လုပ်ငန်း အတိုး/ အရင်းရငွေ ကောက်ခံရရှိမှု အခြေအနေများကိုလည်း အသီးသီးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းအလိုက် မြေပြင်ကွင်းဆင်းပြီး အမှန်တကယ် လုပ်ကိုင်သူများအား ချေးငွေများချထားပေးနိုင်ရေး၊ ထို့အတူ စဉ်ဆက်မပြတ် ကြပ်မတ်ကွပ်ကဲ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပေးကြရေး၊ ရန်ပုံငွေ အတိုး/ အရင်းရငွေများကိုလည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ပြုစုထားရှိရေး မှာကြားခဲ့ကြောင်းသိရသည်။